Home သတင်း မဲကနယ်‌ကျေးရွာအနီး ကျောက်တောင်‌ဒေသတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

မဲကနယ်‌ကျေးရွာအနီး ကျောက်တောင်‌ဒေသတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

972

ဧပြီလ ၂၄ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူပလာယာခရိုင်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာအနီး ကျောက်တောင် ၊ကျောက်မဲနေရာများတွင် ယနေ့နံနက် ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေယာဖြင့် ထပ်မံသွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဲကနယ်ကျေးရွာသားများကပြောသည်။

မဲကနယ်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုအပြင် လေကြောင်းအသုံးပြု၍ ယခုလို ထပ်မံဗုံးကြဲနေခြင်းဖြစ်ကြောင်း မဲကနယ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက”နှစ်ဖက်တိုက်ပွဲတော့မရှိဘူး။ လက်နက်ကြီး တော့အမြဲပဲ ရမ်းပစ်နေတယ်။ဒီမနက်မှာလည်း ကျောက်တောင်ဘက်မှာ လေယာဉ်လာပစ်သေးတယ်။ သွားလာသူမရှိ‌တေ့ာထိခိုက်မှု ရှိ မရှိတော့မသိရ သေးဘူ”ဟု ကေအိုင်စီသို့ပြောသည်။

လတ်တလောတွင် မဲကနယ်ကျေးရွာထဲသို့ ဒေသခံ ကျေးရွာသားအချို့ နေအိမ်ပြန်ရောက်နေထိုင်သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း နေအိမ်ပြန် လည်နေထိုင်သူများကပြောသည်။

“ရွာထဲမှာတော့စစ်ကောင်စီတွေမရှိတော့ဘူ။ ရွာသား‌တွေ အချို့တော့ပြန်လာနေကြပြီး။ စစ်ကောင်စီလည်း ကျောက်တောင်၊ ကျောက်မဲဘက်မှာ လက်နက်ကြီးတွေရမ်းပစ်နေတယ်။ ဒီလိုရမ်းပစ်တာ ကျနော်တို့နဲ့ တည့်မှာပဲစိုးရိမ်တယ်။ စိုးရိမ်စိတ်နဲ့ပဲ ရွာပြန်လာနေရတယ်”ဟု အခြားရွာသားတစ်ဦးကပြောသည်။

အလားတူ ဧပြီလ (၂၁)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ၊ဟောင်ဝစ်ဇာ အမြှောက် များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်မှုများကြောင့် ကျောက်မိုင်းနယ်မြေရှိ နေအိမ် အဆောက်အဦး တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သေးသည်။

ယနေ့ လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နယ်မြေခံ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို အဆိုပါ ဒေသကို ဆက်တိုက်ဆိုသလို ဗုံးကြဲ တိုက်ခိုက်ရခြင်း နှင့်ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုကြခြင်းမရှိသေးကြောင်း တွေ့ရသည်။

မဲကနယ်ကျေးရွာဒေသအနီးတွင် လုံခြုံရေးရယူနေသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း စသည့် ပူးပေါင်း တပ်ဖွဲ့များ ရှိရာသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်ရန်ကြိုးပမ်းနေသလို မြေပြင် လက်နက်ကြီး ပစ်ကူများအပြင် လေကြောင်း ပစ်ကူများကိုပါ ယခုလ ၁၉ ရက်နေ့က စ၍ စတင်ပစ် ခတ်နေပြီး လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း လာရောက်ပြုလုပ်ခဲ့သည်။