Home သတင်း တပ်စခန်း (၄) ခု တိုက်ခိုက်ခံရပြီးနောက် KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ စစ်အင်အား ဖြည့်တင်းလာ

တပ်စခန်း (၄) ခု တိုက်ခိုက်ခံရပြီးနောက် KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ စစ်အင်အား ဖြည့်တင်းလာ

883
Photo: KNU

ဧပြီလ(၂၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်နေ့က စစ်ကောင်စီ တပ်စခန်း(၄)ခု တပြိုင်နက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်မှတ်ထားတိုက်ခိုက်ပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်ထံမှ သိရသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ကုန်းနှင့်ကျွန်းကုန်းရွာရှိစစ်ကောင်စီတပ်စခန်း (၂)ခုနှင့် မုန်းမြို့နယ်အတွင်းရှိ နောင်ကုန်းနှင့်ရန်မျိုးအောင်ရွာစစ်ကောင်စီတပ်စခန်း(၂) စုစုပေါင် တပ်စခန်း (၄)ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်နက် တိုက်ခိုက်ခဲ့ ပြီးနောက် အဆိုပါ မြို့နယ် အတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ် ကာ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်အင်အားဖြည့်တင်းနေကြောင်း ကေအဲန်ယူနှင့် နီးစပ်သူ တစ်ဦး က ယခုလိုပြောသည်။

၎င်းက “တိုက်ပွဲဖြစ်ပြီးနောက်ရက် နတ်သံကွင်းဘက်ကို ကား(၆)စီးရောက်တယ်။ ရွှေကျင်မှာလည်း လူအင်အားထပ်တိုးထားတယ်။ အခုကတော့ လက်နက်ကြီးထုနေတာကလွဲပြီး ငြိမ်နေတယ်။ လေယာဥ်ဝဲ တာတော့ တောက်လျှောက်ပဲ။ စစ်တပ်က ကျောက်ကြီးထဲမှာ စစ်ကြောင်းထိုးနေတာ ဟိုးရက်ကတည်းကပါ။ တပ်ပေါင်းစုဘက်က ကျသွားတဲ့သူတွေလည်း ရှိတယ်။ အဲ့လိုအခြေအနေမှာ စစ်တပ်ဘက်က လစ်ဟာသွား တဲ့နေရာက စခန်းတွေကို ကေအဲန်ယူက ဝင်တိုက်တာ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ညောင်တန်းရွာ၊ နောင်ကုန်းရွာ အစရှိသော ကျေးရွာ ပေါင်း(၈)ရွာအား လေကြောင်းမှတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်ခြင်းများလည်း လုပ်ဆောင်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများ၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရာတွင် တားမြစ်စစ်ဆေးခြင်းများကို ပိုမိုလုပ်ဆောင်လာ နေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စစ်ကောင်စီဘက်က အထိနာသွားတဲ့အတွက် လေယာဥ်နဲ့ဗုံးကြဲတာ၊ သူတို့ကြဲတာက ပြည်သူတွေနေ တဲ့နေရာတွေ ဖြစ်တော့ ထွက်ပြေးပုန်းရှောင်ရတယ်။ အခု လေယာဥ်နဲ့ပစ်တာမရှိတော့ပေမယ့် စစ်တပ်က လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ပြီး စားနပ်ရိက္ခာသယ်ယူပို့ဆောင်တဲ့နေရာမှာ တားမြစ်စစ်ဆေး နေတာ တွေရှိတော့ စစ်ရှောင်တွေအတွက် ထောက်ပံ့တဲ့နေရာမှာ ခက်ခဲကုန်တယ်။ အခုလည်း တချို့စစ်ရှောင် တွေအတွက် ကရင်လူမှုအဖွဲ့အစည်းက လက်လှမ်းမီသလောက်လုပ်ပေးနေတာပဲရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်စခန်း(၄)ခုတွင် နယ်မြေခံ ခြေလျင်တပ်ရင်း (ခလရ-၆၀)၊ ခြေမြန် တပ်ရင်း (ခမရ-၃၅၁)၊အင်အားထပ်မံဖြည့်တင်းထားသော ခြေမြန်တပ်ရင်း (ခမရ-၅၉၈)နှင့် တပ်မ-၇၇ တို့ပါဝင်နေပြီး တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် (၁၆) ဦးသေဆုံး၍ (၁၇)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ဧပြီလ(၂၃)ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ထို့အပြင် အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ဘက်မှ (၁)ဦးကျဆုံး၍ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သော်လည်း စစ်ကောင်စီ၏ဝါဒဖြန့် ချန်နယ်(Channel) များတွင်မူ အဆိုပါတိုက်ပွဲသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ကေအဲန်ယူမှ သွားရောက်တိုက်ခိုက်သည်မှာ လုံခြုံရေးကင်းစခန်းသာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ(၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံများနေထိုင်ရာကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် နယ်မြေခံ KNLA နှင့်တပ်ပေါင်းစုများအကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား၍ စစ်ရေးအခြေအနေတင်းမာခဲ့ကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။