စစ်ပွဲကြောင့် စိတ်ဒဏ်ရာ ခံစားနေရသော ကလေးငယ်များ
ဧပြီ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အသက်(၂)နှစ်သားသာရှိသေးတဲ့ အောင်သူမျိုးဟာ အသံကျယ်ကျယ်လောင်လောင်တွေဆို ကြောက်တတ်ပါ တယ်။ လူဖြစ်တာမကြာသေးတဲ့ သူ့ရဲ့သက်တမ်းတစ်ဝက်က သေနတ်သံ၊ လေကြောင်းတိုက်ခိုက်သံတွေနဲ့ စစ်မက်ဇုန်မှာ နေထိုင်နေရတာပါ။
လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တုန်းက သူတို့မိသားစုဟာ တိုက်ပွဲကြောင့် အိမ်ကနေ ထွက်ပြေးခဲ့ကြရပြီး အခုတော့ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသက စစ်ရှောင်စခန်းမှာနေနေကြပါတယ်။ သူ့အပြုမူတွေ မိခင်ဖြစ်သူကအခုလိုပြောပြပါတယ်။
“ဒီကလေးဆိုရင်ဘာအသံကြား ကြားအိမ်ကိုပြေးလာတာ ကားတံခါးအသံပိတ်တာကြားရင်တောင်မှ သေနတ်သံဆိုပြီးအိမ်ကိုပြေးလာတာ။ အခုတော့ သူထမင်းမစားရင်တော့ သူ့ကိုတစ်ခါတစ်ခါပြောဖူးတယ်။ သေနတ်ပစ်တော့မယ် ထမင်းစားထားပြီးရင် ပြေးရမယ်။ ပြေးရင်ထမင်း မစားရဘူးအဲ့လိုပြောရင်တော့သူကြောက်ပြီးစားတယ်။”လို့ မိခင်ဖြစ်သူက သားဖြစ်သူရဲ့ အခြေအနေကို ပြောပြပါတယ်။
သူ့အမေဖြစ်သူဆိုရင်လည်း သေကံမရောက်လို့ လွတ်မြောက်လာခဲ့သူပါ။ သူထွက်ပြေးနေစဉ် သေနတ် ကျည်က သူမရဲ့ ခေါင်းပေါ်ကနေဖြတ်သွားခဲ့ပြီး သူမကကြောက်လန့်ပြီး မေ့မြောသွားခဲ့ပါတယ်။ အခုတော့ သူတို့စစ်ရှောင်စခန်းမှာ နေနေတယ်ဆိုပေမယ့် စစ်ဖြစ်နေတဲ့ဒေသမှာ နေထိုင်နေကြတဲ့ သူမတို့ဟာ အချိန်မရွေးပြေးနိုင်ဖို့အတွက် အထုပ်တစ်ထုပ်နဲ့ အသင့်စောင့်နေကြရပါတယ်။
ISP Myanmar ရဲ့ နောက်ဆုံးအချက်အလက်အရ ၂၀၂၁ခုနှစ်၊ ဖော်ဖော်ဝါရီ (၁)ရက် ကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံတဝှမ်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီထဲက (၅၂)ရာခိုင်နှုန်းက ကရင်ပြည်နယ်ကဖြစ်ပါတယ်။ ဒါက ပြည်နယ်တစ်ခုတည်းမှာ တစ်နိုင်ငံလုံးအတိုင်း တာရဲ့ထက်ဝက်ကျော်ဖြစ်နေတာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့အချက်အလက်အရ ၂၀၂၂ ခုနှစ်၊ တစ်နှစ်အတွင်း ကရင်ပြည်နယ်မှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၁၀၅)ခုကျော် လုပ်ခဲ့ပါတယ်။
ကရင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူ (၅)သိန်းနီးပါးရှိပြီး (၃၀)ရာခိုင်နှုန်းက ကလေးတွေ ဖြစ်တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)ရဲ့အချက်လက်အရ သိရပါတယ်။
ကရင်ပြည်နယ်ရဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးအနားမှာ နေထိုင်နေတဲ့ကလေးတွေဟာ သူတို့တွေ့ ကြုံနေရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရပါတယ်။ ဒါက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုအတွက် အနှုတ်ဘက်ဆောင်တဲ့သက်ရောက်မှုတွေဖြစ်စေခဲ့ပါပြီ။
အဲ့ဒီစစ်ရှောင်စခန်းရဲ့ တဲတစ်ခုရှေ့မှာပဲ အသက်(၁၁)နှစ်အရွယ် စလွင်ဦးဟာ ကာတွန်းဘောင်းဘီလေးနဲ့သူက ကလေးတစ်ယောက်နဲ့တူနေပေမယ့် သူ့မျက်နှာမှာတော့ နာကျည်းမှုတွေ ခါးခါးသီး သီးမုန်းတီးမှုတွေနဲ့ပြည့်နေပါတယ်။ သူက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတုန်းက လေးကေ့ကော်မှာ တိုက်ပွဲဖြစ်တုန်းမှာ မိသားစုနဲ့အတူ စစ်ရှောင်ခဲ့ရပါတယ်။ ပထမတော့ ဘုန်းကြီး ကျောင်းတစ်ခုမှာခိုလှုံခဲ့ကြပေမယ့် အဲ့ဒီကနေထပ်ပြီးပြေးခဲ့ရပါတယ်။
စလွင်ဦးက “သားကြုံဖူးတယ်။ သားတို့ဖလူးကျောင်းမှာနေတာ သူတို့လူထုကြားမှာပဲလာပစ်တာ ကျုံးတာပဲဒူဒူ…ဒါဒါ…အဲ့မှာပြေးတာပဲ လူတွေအများကြီးပဲ။ နောက်တော့အနောက်မှာ ကျန်နေတဲ့နှစ်ယောက်ထိသွားတယ်တဲ့။ လူကြီးလား၊ ကလေးလားတော့မသိဘူး ပြောကြတာပဲ။ လူကြားထဲမှာပြေးတော့ ထိမိခိုက်မိမှာတော့ ကြောက်တယ်။ ပြေးတော့အမေကလက်ကိုဆွဲထားတာ သားချော်လဲတော့ လူတွေကသားကိုနင်းမိတယ်။ နာတော့နာတယ်။”လို့ ပြောပါတယ်။
သူတို့အိမ်က စစ်ရှောင်စခန်းနဲ့မိုင်(၂၀)လောက်ပဲဝေးပေမယ့် ရွာမှာမပေါက်ဘဲကျန်နေတဲ့ဗုံးတွေ နဲ့မြေမြှုပ်မိုင်းအန္တရာယ်တွေရှိနေလို့ ပြန်ဖို့ကျတော့လည်း မဖြစ်နိုင်သေးပါဘူး။ စလွင်ဦးက စစ်ရှောင်စခန်းမှာ (၃)တန်းတက်နေတဲ့ကျောင်းသားသာရှိနေပေမယ့် သူ့အနာဂတ် အလုပ်အကိုင်အတွက် သူ့ဘာသာဆုံးဖြတ်ထားပြီးပါပြီ။
“သားကကြီးလာရင်စစ်သားဖြစ်ချင်တယ်၊ ကရင်စစ်သားဖြစ်ချင်တယ်။ အဲ့ဗမာစစ်သားတွေကိုစိတ်နာလို့ သူတို့ပြည်သူလူထုတွေကိုပဲ လိုက်ပစ်တယ်။ ဒီစစ်သားချင်းစစ်သားချင်းပစ်ပေါ့။ သူတို့ပစ်တာပြည်သူလူထုပဲသေတာများတယ်။”လို့ စလွင်ဦးက သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။
စလွင်ဦး နေထိုင်တဲ့ စစ်ရှောင်စခန်းမှာရှိတဲ့ တခြားကလေးနဲ့လူငယ်တွေကိုစကားပြောကြည့်တော့လည်း ယောကျာ်းလေးတွေက ဒီလိုတူညီတဲ့အဖြေပဲပေးခဲ့ကြချိန်မှာ ဆယ်ကျော်သက်မိန်းကလေးတွေက သူတို့ရှိခဲ့တဲ့အိမ်မက်တွေပျက်ခဲ့ရပြီမို့ ဘာဆက်လုပ်ရမယ်မှန်းမသိကြသေးပါဘူး။
သူတို့အားလုံးဟာ အိမ်တွေကနေအကြောက်ကြောက်အလန့်လန့်နဲ့ထွက်ပြေးတိမ်းရှောင်ပြီး စစ်မက်ဇုန်ထဲက ခိုလှုံရာနေရာတွေမှာ နေနေရတဲ့ကလေးတွေဖြစ်ပါတယ်။ အခုသူတို့ရဲ့ ပညာသင်ကြားခွင့်ဟာ အကန့်သတ် အနှောင့်အယှက်တွေနဲ့ပါ။ စစ်ရှောင်စခန်းမှာ ကလေးအသက်ရွယ်အားလုံးအတွက ယာယီကျောင်း တစ်ခုဆောက်ထားပေမယ့် အထက်တန်းဆရာကအလုံလောက်မရှိပါဘူး။
စစ်ရှောင်စခန်းက အမည်မဖော်လိုတဲ့ ကျောင်းဆရာမတစ်ဦးကတော့ “ အနိုင်ရချင်တယ် သူတို့စားကိုမလုပ်ချင်တော့ဘူး၊ ကျောင်းမတက်ချင်တော့ဘူး။ အထူးသဖြင့် ယောက်ျားလေးတွေက ပြန်ပစ်ချင်တယ်။ ကလေးတစ်ယောက်ကပြောလာတယ်။ မုန့်ဖိုးစုပြီးတော့ ဝယ်ထားတဲ့ပစ္စည်းရှိတယ်။ လေးကေကော်မှာ အခုဆိုရင်သူများတွေခိုးလောက်ပြီး ပေါ့တဲ့။ နောက်တစ်ယောက်ဆိုရင်သမီးငှက်လေးတစ်ကောင်ဖြစ်ပြီးတော့ ဟိုအဝေးကြီး ကိုလွတ်လပ်စွာ ပျံချင်တယ်တဲ့။ (၁၂)နဲ့(၁၈)ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရမ်းထိခိုက်လွယ်တယ်။”လို့ ပြောပါတယ်။
ဒီလိုထိလွယ်ရှလွယ်အရွယ်မှာကလေးတွေဟာ စိတ်ဖိစီးပြီးကြောက်လန့်တုန်လှုပ်စရာ အခိုက်တန့်တွေကိုကြုံ တွေ့နေရပါတယ်။ ဒါတောင် သူတို့နေတဲ့စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာအကူညီပေး ရေးအစီအစဉ် တွေမရှိပါဘူး။ မိဘတွေကလည်း သူတို့ကိုယ်တိုင်တောင် စိတ်ကဖိစီးလိုက် စိတ်ဓာတ်ကျလိုက်နဲ့မို့ ကလေးတွေရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးရမလဲဆို တာမတွေးနိုင်အောင်ပါဘဲ။
၂၀၁၉ ခုနှစ်က ထုတ်ပြန်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ (၁၄)ယောက်မှာ တစ်ယောက်ကစိတ်ကျန်းမာရေးထိခိုက်နေချိန်မှာ ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ နေထိုင်နေရသူ (၅)ဦးမှာတစ်ဦးဟာ စိတ်ကျန်းမာရေးထိခိုက်နေတယ်လို့ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးပေးတဲ့ဝန်ဆောင်မှုတွေ အွန်လိုင်းနဲ့ကော၊ ဖုန်းနဲ့ပါ ပေးနေတာရှိပေမယ့် စစ်ရှောင်ဒေသကသူတွေမှာတော့ အင်တာနက်ဖိုးလည်း မတတ်နိုင်သလို ဖုန်းလိုင်းလည်းမကောင်းပါဘူး။ မဲဆောက် မယ်တော်ဆေးခန်းက စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ပေးသူတစ်ဉီးနဲ့ စိတ်ဒဏ်ရာရနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“အခုလက်ရှိက သူတို့ရဲ့ safety လုံခြုံရေး..အခုလက်ရှိက စိတ်ရော ၊ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုမရှိဘူး။ ပြေးနေရတဲ့အခြေနေမျိုးဖြစ်လို့။ စိတ်ပိုင်းရုပ်ပိုင်းအရရော အကူအညီလိုအပ်တယ်။ သူတို့ကို ကုသမှုမလုပ်ရင် သူတို့ရဲ့နာကျည်းစိတ်တွေကနေပြီးတော့ သံသယစိတ်တွေ ကြီးထွားလာပြီး တစ်ဖက်စွန်းရောက်သွားတဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်။” လို့ စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးသူက ပြောပါတယ်။
စိတ်ဒဏ်ရာရနေတဲ့ကလေးတွေနဲ့ သူတို့ရဲ့ပညာရေးအဟန့်အတားပြဿနာတွေဟာ စစ်ရှောင်စခန်း တိုင်းလိုလိုမှာဖြစ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO ရဲ့ အထွေထွေ အတွင်းရေးမှူး နော်က ညောဖောက ပြောပါတယ်။
ကရင်ပြည်နယ်ကနေရာအတော်များများဟာ စစ်ဖြစ်တဲ့နေရာနဲ့နီးတာ ဒါမှမဟုတ် ရုတ် တရက်တိုက်ခိုက်ခံရတာတွေရှိပါတယ်။ ကျောင်းတွေက ဖွင့်တယ်ဆိုပေမယ့်တိုက်ပွဲ ဖြစ်တာနဲ့ပြန်ပိတ်ရပြန်ပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံးနဲ့ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာနကတော့ တတ်စွမ်း သလောက်လုပ်နေပါတယ်လို့ နော်ကညောဖောက ပြောပါတယ်။ သူတို့ဆရာမတွေက ကလေးတွေကို ဂိမ်းတွေ၊ အားကစားတွေနဲ့ ဆော့စေသလို ကလေးတွေဘာခံစားနေရသလဲဆိုတာကို ပြောရဲ အောင် ခွန်အားပေးကြပါတယ်။ ဒါပေမယ့်လည်း ဒါကလုံတော့မလုံလောက်သေးပါဘူး။
KWO အထွေထွေအတွင်းရေးမှူး နော်ကညောဖောက “ကလေးတွေဟာပျော်ရွှင်စွာနဲ့ ပညာသင်ကြား ရမယ့်အ ချိန်မှာ တိုက်ပွဲကြားမှာပြေးရ၊ နောက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပါပြုလုပ် လာတဲ့အတွက် ကလေးတွေဟာ စိတ်ဒဏ်ရာအကြီးအကျယ်ဖြစ်နေရတယ်။ နောက်ကလေးတစ်ယောက်ဟာ ကြောက်စိတ်အမြဲတန်းဝင်နေတဲ့အနေအထားမှာဆိုရင် သူ့ကိုကုစားမှုပြုလုပ်ပေးဖို့အတွက် အချိန်အများကြီးပေးရမယ်။ နောက်နာကျည်းစိတ်တွေဝင်လာတယ်၊ ဒီအရာတွေက သူတို့ရဲ့ဘ၀တစ်လျှောက်လုံးပါသွားမဲ့ မကောင်းတဲ့အရာ၊ မကောင်းတဲ့စိတ်ဓါတ်တွေဖြစ်တယ်။”လို့ ပြောပါတယ်။
ဒီအခြေအနေက မြန်မာတစ်နိုင်ငံလုံးက စစ်ဖြစ်နေတဲ့နေရာအားလုံးရဲ့အခြေအနေကို မီးမောင်းထိုးပြနေ တာပါ။ ကုလသမဂ္ဂ-UNရဲ့ နောက်ဆုံးအချက်လက်အရလည်း စစ်အာဏာသိမ်းကတည်းက မြန်မာ နိုင်ငံမှာ ပြည်တွင်းရွှေ့ပြောင်းနေရသူ ၁ ဒသမ ၄(၁.၄)သန်းရှိနေပါတယ်။
ကလေးအားလုံးဟာ ကျောင်းပညာရေးအပြည့်အ၀ကို ရပိုင်ခွင့်ရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ကလည်း လက်နက်ကိုင်ပဋိပက္ခဒေသတွေအပါအဝင် နေရာဒေသအားလုံးမှာ ပညာရေးဆိုင်ရာ အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက်ရန်၊ ကာကွယ်ရန်၊ လေးစားလိုက်နာရန်နဲ့ မြှင့်တင်ရန် သက်ဆိုင် တဲ့အဖွဲ့အားလုံးကို ၂၀၂၁ ခုနှစ်မှာ တောင်းဆိုထားပါတယ်။
ကလေးတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ညီလာခံသဘောတူညီချက်အရ အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဥပဒေတွေရှိ နေပါစေ စလွင်ဦးလို၊ အောင်သူမျိုးလို စိတ်ဒဏ်ရာရနေတဲ့ကလေးတွေအတွက် အကူအညီကတော့နည်းနေသေးတုန်းပါပဲ။
ဒါက ကလေးတွေရဲ့ကျန်းမာရေးနဲ့ ဘဝရွေးချယ်မှုတွေမှာ အဆိုးဘက်ကိုရောက်စေ ရုံသာမကပါဘူး။ လူ့အဖွဲ့အစည်းဒေသနဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ KWO အတွင်းရေးမှူး နော်ကညောဖောက အခုလို ပြောပါတယ်။
“သူတို့က စာသင်ချိန်နဲ့ကြီးပြင်းလာရမှာကိုသူတို့ကြီးပြင်းလာလို့မရနိုင်ဘူး။ အဲဒါကြောင့် ကျမတို့ရဲ့ လူထု ပညာရေးကို ပြန်ထိခိုက်လာမယ်။ နောက်ဒေသအတွင်းအလုပ်ခွင်တွေမှာ ထိခိုက်လာမယ်။ အမှားအမှန် ခွဲခြားနိုင်တဲ့ ကြီးပြင်းမှုကို ထိခိုက်လာမယ်။ ပညာရေးအပိုင်းမှာ နိမ့်ပါးလာမယ်။ နောက်မိသားစု၊ လူမျိုး၊ ဒေသ၊ မြို့နယ်၊ ပြည်နယ်ကြီးပွားတိုးတက်လာမှုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာမယ်။ ဒေသအတွင်းမကောင်းတဲ့အရာတွေနဲ့ပဲ ကြုံတွေလာရမှာဖြစ်တယ်။”လို့ ပြောပါတယ်။