မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများတွင် မတ်လ ၁၆ ရက်နေ့မှ စ၍ လက်ရှိ အချိန်ထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂,၀၀၀ (နှစ်ထောင်)ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီးရန်ကြောင့် အိမ်ခြေ(၅၀၀)ကျော်နှင့် လူဦးရေ ၂,၀၀၀ ခန့်ရှိသော ငှက်ပျောတောကျေးရွာအုပ်စု၊ ဇီးပြောင်း ကျေးရွာအုပ်စုနှင့် အစရှိသောကျေးရွာများရှိ ဒေသခံများသည် ဘေးလွတ်ရာနေရာများတွင် သွားရောက်တိမ်းရှောင်နေရပြီး စားဝတ်နေရေး အတွက် အဆင်ပြေသလိုဖြေရှင်းနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “လောလောဆယ် အလှူရှင်တော့မရှိပါဘူး။ နီးစပ်ရာဘေးလွတ်တဲ့ရွာတွေမှာ အဆင်ပြေ သလိုပဲ နေထိုင်စားသောက်ရတာပေါ့။ တစ်ခါတစ်လေကတော့ လက်နက်ကြီးပစ်တာငြိမ်တဲ့အချိန် နေ့လည်ဘက် အိမ်ကိုပြန်လာကြည့်ပေါ့။ အိမ်မှာတော့နေလို့ မရဘူးလေ။” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်မ(၄၄)နှင့် လက်အောက်ခံ တပ်ရင်းများက မတ်လ (၁၆)ရက်နှင့်(၂၀)ရက်နေ့များတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးများသည် အဆိုပါ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံ(၂)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ မတ်လ(၂၂)ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ(၂၀)ရက်နေ့ နောက်ပိုင်းမှစ၍ လက်နက်ကြီး ပစ်ခတ်မှုများ ညတိုင်းလိုလိုလုပ်ဆောင်လာသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိပြီး တိမ်းရှောင်နေရသော စစ်ရှောင်များအနေဖြင့်လည်း စားသောက်ရေးအခက်အခဲရှိကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ (၂၀)ရက်နောက်ပိုင်းကတည်းက ညတိုင်းလို စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေတာ။ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်။ အဲ့ဘက်မှာက ပစ်ကွင်းပုံစံမျိုးဖြစ်နေတာပေါ့။ စစ်တပ်က ရမ်းသမ်းပစ်တော့ တချို့ရွာသား တွေသေတာလည်း သေကြတယ်။ စစ်ရှောင်ကူလည်း အဲ့ဘက်ထိမ ဝင်ရဲကြတော့ စားရေးသောက်ရေးက အခက်အခဲရှိတယ်။ ဒီဘက်မှာက စစ်ရှောင်ကူလို့ကတော့ ရမရမပြောတတ်ပေမယ့် PDF နဲ့ပတ်သက်တယ်ဆိုရင်တော့ အခြေအနေလုံးဝမကောင်းဘူး။” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့တွင်လည်း သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမိန်ရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက်(၇)နှစ်နှင့် (၁၄)နှစ်အရွယ်ရှိ ကလေးငယ်နှစ်ဦး သေဆုံးကာ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာနေ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-သထုံခရိုင်က မတ်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် စစ်တပ် အာဏာသိမ်းယူပြီးနောက်ပိုင်း လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၁ သိန်း ၃ သောင်းဝန်းကျင်ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ပြောဆိုမှုအရ သိရသည်။



















