Home သတင်း အနောက်တိုင်းယဉ်ကျေးမှုသင်ကြားခြင်းတားမြစ်မှုသည် ဒီမိုကရေစီကိုကြောက်သည့် လုပ်ရပ်သာဖြစ်ဟု NUG ဝန်ကြီးပြော

အနောက်တိုင်းယဉ်ကျေးမှုသင်ကြားခြင်းတားမြစ်မှုသည် ဒီမိုကရေစီကိုကြောက်သည့် လုပ်ရပ်သာဖြစ်ဟု NUG ဝန်ကြီးပြော

577
Photo: Crd.

မတ်လ ၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကိုယ်ပိုင်ကျောင်းများ သင်ရိုးညွှန်းတမ်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်း သင်ကြားနေမှုများအပေါ် ထိရောက်စွာ အရေးယူမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက အွန်လိုင်းပေါ် ထွက်ပေါ်လာသော စစ်ကောင်စီ၏ တားမြစ်ချက်သည် ဒီမိုကရေစီကိုကြောက်သည့် အရိုးခံစိတ်ရှိသော စစ်အာဏာရှင်များ၏ လုပ်ရပ်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်သည်။

ဝန်ကြီး ဦးအောင်မျိုးမင်းက “ ဒီမိုကရေစီဆိုတာ အနောက်တိုင်း၊ အရှေ့တိုင်း မရှိပါဘူး။ အနောက်တိုင်း အရှေ့တိုင်း ခွဲခြားသတ်မှတ်ခြင်းကိုက ဒီမိုကရေစီကို နားမလည်ရာ ရောက်တယ်။ စာသင်ကျောင်းတွေမှာ ဒီမိုကရေစီအရေးတို့ လူမှုသိပ္ပံတို့၊ ဒါတွေသင်ကြားခွင့် မရှိခြင်းတို့ဟာ ဒီမိုကရေစီကို ကြောက်တဲ့အရိုးခံရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ပညာရေးဥပဒေအား ရေးဆွဲထုတ်ပြန်ပြီးပါက ကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုထည့်သွင်းသင်ကြားနေမှုများအပေါ် ထိရောက်စွာအရေးယူမည်ဟု ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်ပညာရေးဌာနထံသို့ အသိပေးစာပေးပို့ခဲ့သည်။

အဆိုပါ အသိပေးစာအရ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကျင်းပပြု လုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်၍ မလိုလားအပ်သည့် သင်ကြားမှုများအား ထိရောက်စွာ ဟန့်တားအရေးယူဆောင်ရွက်နိုင်ရန် ပညာရေးဌာနမှ တာဝန်ယူပြီး စည်းမျဉ်း စည်းကမ်း ဥပဒေပုဒ်မများဖြင့် ရေးဆွဲထုတ်ပြန်သွားရန် ဖော်ပြထားသည်။

ဖားအံမြို့နယ် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွင် စာသင်ကြားနေသည့် တာဝန်ရှိသူတစ်ဦးက “ ကျနော်တို့ကျောင်း မှာ အဲ့ဒီညွှန်ကြားတဲ့စာ မရောက်သေးဘူးဗျ။ ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်လည်း သင်တာမရှိပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

မြန်မာနိုင်ငံရှိ စာသင်ကျောင်းအချို့တွင် စာသင်နှစ်ကုန်ဆုံးချိန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စုပေါင်း ကျင်းပခြင်း၊ ကျောင်းကပွဲများ၊ အခြားနေ့ထူးနေ့မြတ်များနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားများတွင် ရိုးရာအကအနုပညာများဖြင့် တင်ဆက်ဖျော်ဖြေမှုရှိသလို ကာလပေါ် အနုပညာဖျော်ဖြေတင်ဆက်မှုများလည်း ရှိလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သည့်အရာများအား ယခုလိုတားမြစ်ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ကျောင်းဆရာအချို့က သုံးသပ်ကြသည်။

“ ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ဆို မနှစ်ကတည်းက သင်ကြားမှုရပ်လိုက်ရတယ်။ ပြဌာန်းစာအုပ်မှာ စာသင်ခန်းထဲမှာ မြန်မာ့ယဉ်ကျေးမှုတွေနဲ့မကိုက်ညီတဲ့ ဘာသာရပ်တွေ ပို့ချသင်ကြားပေးစရာလားဆိုပြီးတော့ ရုပ်သိမ်းလိုက်တယ်။ စာအုပ်တွေ ပြန်ပို့လိုက်ရတယ်။ လိင်ပညာအကြောင်းနဲ့ လူမှုကျင့်ဝတ်သိရှိနာလည်းဖို့ဆိုပြီး ကလေးတွေနဲ့ ကိုက်ညီတဲ့အခြေအနေကို ရည်ရွယ်ထားတာပါ။ ခုထုတ်ပြန်စာက လွတ်လပ်စွာပညာသင်ကြားမှု အပေါ်မှာ ကန့်သတ်ချုပ်ချယ်တယ်လို့ မြင်တယ်”ဟု အထက်တန်းကျောင်းဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ သင်ကြားရန် ပြဌာန်း ထားသည့် ပညာရေးစနစ်သစ်တွင် လိင်ပညာပေးနှင့် လူမှုကျင့်ဝတ်နီတိများ အကြောင်းပါသည့် ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်အား သင်ကြားမှုကို စစ်ကောင်စီက ရုပ်သိမ်းလိုက်ပြီးနောက် အဆိုပါ ပြဌာန်းစာ အုပ်များကိုလည်း ပြန်လည်သိမ်းဆည်းသွားသည်ဟု ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။