Home သတင်း သံတောင်၊ ဘိုတဲကုန်းကျေးရွာရှိ ဒေသခံ (၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး၊ ၁ ဦးပြန်လွှတ်လာ

သံတောင်၊ ဘိုတဲကုန်းကျေးရွာရှိ ဒေသခံ (၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး၊ ၁ ဦးပြန်လွှတ်လာ

549
Photo: Crd.

မတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်(၁၃)မိုင်မြို့အနီးရှိ ဘိုတဲကုန်းကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်များက အဆိုပါကျေးရွာအတွင်းသို့ မတ်လ(၂)ရက်နေ့က ဝင်ရောက်ပစ်ခတ်စဥ် ဒေသခံ(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက (၁၃)မိုင်တွင် စစ်ကောင်စီက နေ့စဥ်ရက်ဆက်နီးပါးပစ်ခတ်နေသော လက်နက် ကြီးဒဏ်ကြောက်လန့်သဖြင့် ဘိုတဲကုန်းကျေးရွာရှိ ဒေသခံအများစုမှာ နေရပ်စွန့်ခွာထွက် ပြေးနေ ကြပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ(၂)ဦးမှာလည်း အဆိုပါကျေးရွာတွင်း ပြန်လည်နေထိုင်သူ လူနည်းစုမှဖြစ်ကြောင်း၊ ၎င်းတို့(၂)ဦးအနက်တစ်ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်တစ်ဦးမှာ လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“PDF ဘက်က ဘယ်နှစ်ယောက်ထိလဲဆိုတာတော့ မသိရသေးဘူး။ အဲဒီရွာကလူတွေက နဂိုက တည်းက လက်နက်ကြီးကြောက်ပြီး ပြေးနေကြတယ်ဆိုပေမယ့် တချို့ကကျတော့ အိမ်မှာ တိရစ္ဆာန် အစာပြန်ကျွေးရင်းနဲ့ ပြန်လာနေတဲ့သူအနည်းအကျဥ်းရှိတယ်။ ဖမ်းသွားတာက အဲဒီအိမ်ပြန် လာနေနေတဲ့အထဲက ရွာသားနှစ်ယောက်ကို ဖမ်းတာ။ အဓိက သူတို့က ဖုန်းထဲမှာ မသင်္ကာ စရာတစ်ခုခုရှာတွေ့ရင် အချက်အလက်ကြီးရင်ကြီးသလောက် အရေးယူသလို ဖုန်းထဲမှာ မတွေ့ရင်လည်း သတင်းပေးရှိရင်ဖမ်းတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်စဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပုန်းခိုနေသည်ဟုဆိုကာ ယခင်သင်းအုပ်ဆရာတစ်ဦး၏မိသားစု နေထိုင်သော နေအိမ် အား မီးရှို့ဖျက်ဆီးခဲ့ကြပြီး လက်ရှိနေအိမ်အတွင်း နေထိုင်သူမရှိသည့်အတွက် လူထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

၎င်းက “စစ်တပ်က မီးရှို့သွားတဲ့ အိမ်က ဆုံးပါးသွားပြီဖြစ်တဲ့ သင်းအုပ်ဆရာတစ်ယောက်ရဲ့အိမ်ပါ။ အဲ့ဒီအိမ်ကမိသားစုက အရင်ရက်တွေကတည်းက အိမ်မှာမရှိကြဘူး။ များသောအားဖြင့် သူတို့က ခြံအလုပ်လည်းရှိတော့ ခြံထဲသွားနေတာများတယ်။ PDF ကလေးတွေ အိမ်ပေါ်မှာ ပုန်းခိုနေ တယ်ဆိုပြီး မီးရှို့သွားတာပါ။ မီးရှို့တုန်းက အိမ်ပေါ်မှာလူမရှိလို့ ဘယ်သူမှ ဘာမှဖြစ်သံတော့မကြားဘူး။” ဟု ပြောသည်။

၎င်းအပြင် သံတောင်(၁၃)မိုင်မြို့တွင်လည်း ယမန်နေ့ညကအထိ စစ်ကောင်စီမှ လက်နက်ကြီး များဖြင့် ပစ်ခတ်နေကြဆဲဖြစ်ပြီး အဆိုပါ ဘိုတဲကုန်းကျေးရွာပစ်ခတ်မှုတွင် သတင်းပေးရှိ၍သာ စစ်ကောင်စီတပ်များက အတိအကျသတင်းရရှိ၍ ယခုလိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သံတောင်မြို့အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကလည်း (၁၃)မိုင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရုံသာမက ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်(၇) လုံးအား မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု သိရသည်။