မတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖားအံတက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ ရေကစားပွဲ တော်ကျင်း ပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ယမန်နေ့မတ်လ ၂ ရက်နေ့မှစ၍ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာခြင်းနှင့်ပတ်သက်၍ အဆိုပါတက္ကသိုလ်၏ CDM ကျောင်းသူကျောင်းသားများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ထိုသို့ တက္ကသိုလ်များတွင် ရေကစားပွဲတော်များကျင်းပရခြင်းမှာ စစ်ကောင်စီသည် နိုင်ငံတော် တည်ငြိမ်အေး ချမ်းနေသည့်ပမာ ဇာတ်လမ်းဆင်ပြသလို၍ဖြစ်ပြီး တိုင်းရင်းသားပြည်သူများ ခက်ခဲကြပ်တည်းနေကြချိန် အာဏာရှင်စနစ်အမြစ်ပြတ်ရန် ရုန်းကန်နေကြချိန်နှင့် လူငယ်များစွာအသက်ပေးနေကြသည့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံများမှ စီစဥ်ပြုလုပ်သော ပွဲတော်များတွင် ပျော်မွေ့နေသူများသည် ရှက်ဖွယ် အတိဖြစ်ကြောင်း ဖားအံတက္ကသိုလ်မှ CDM ပြုလုပ်ထားသော ကျောင်းသူတစ်ဦးက ယခုလိုပြောသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆက်တက်နေတဲ့ သူတိုင်းနီးပါးက ဆိုရှယ်မီဒီယာကို ကောင်းကောင်း သုံးတတ်တဲ့သူတွေပါ။ တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ သူတို့လည်းသိတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ပေါ်မှာ မီးစမကျသေးသရွေ့ မနာကြဘူးဆိုတဲ့ပုံစံမျိုးနဲ့နေကြတယ်။ ကိုယ်လည်း တက္ကသိုလ် ကျောင်းသူပဲလေ တက္ကသိုလ်ကျောင်းသူဘဝရဲ့အနှစ်သာရတွေ၊ ပျော်ရွှင်မှုတွေကို အပြည့်အဝပိုင်ဆိုင်ချင် တာပါပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ကိုယ်သာဆိုပျော်နေနိုင်ပါ့မလားပေါ့။ ကျောင်းကို ကျော့ကျော့မော့မော့နဲ့ တက်နေသူတွေကရော ကိုယ့်လိပ်ပြာကိုယ်လုံရဲ့လားပေါ့။” ဟု ထို CDM ကျောင်းသူက ပြောသည်။

ယခုကဲ့သို့ ရေကစားပွဲများကျင်းပခြင်းနှင့် အချို့မြို့ရွာများတွင် ပွဲတော်များကျင်းပပြုလုပ်စေခြင်းမှာ စစ်ကောင်စီသည် မရှိသည့်အရာအား ရှိသယောင်အတင်းအကြပ်လုပ်ယူနေခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်း တက်နေကြသူများမှာ စစ်ကောင်စီ၏အသုံးချခံသပ်သပ်သာ ဖြစ်ကြောင်း၊ မိမိ၏နိုင်ငံမှ ပြည်သူအများစု ပူဆွေး၍ ဒုက္ခရောက်နေကြသည့်အချိန်တွင် ပတ်ဝန်းကျင်အား စာနာထောက်ထားသောအားဖြင့် တိုးတိုးတိတ်တိတ်ပျော်ပေးကြပါရန် ဖားအံတက္ကသိုလ်မှ CDM ကျောင်းသားတစ်ဦးကလည်း ပြောသည်။
၎င်းက “ရေသဘင်ပွဲတော်တွေကျင်းပနေကြတာ သိပ်တော့သဘောမကျပါဘူး။ ပျော်စရာဝမ်း သာစရာရှိရင် တောင် အလိုက်တသိနဲ့တိုးတိုးတိတ်တိတ် ပျော်နေတာမျိုးပဲဖြစ်သင့်ပါတယ်။ တကယ်လို့ ကိုယ့်အပျော်က ပတ်ဝန်းကျင်ကိုကူးစက်ပြီး ကောင်းခြင်းဆောင်တဲ့ပျော်ရွှင်မှုမျိုးဖြစ်ရင်တော့ လွတ်လွတ်လပ်လပ် ပျော်လို့ရပါတယ်။ ဒါပေမဲ့ အများဆန္ဒနဲ့ဆန့်ကျင်ပြီးဒုက္ခရောက်နေကြတဲ့အချိန်မှာ လူတစ်စုတည်းကပဲ ကွက်ပြီး မျက်စိနောက်စရာဖြစ်အောင် ပျော်တာမျိုးက မဖြစ်သင့်ဘူးလို့ယူဆပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၃ခုနှစ်၏ မြန်မာ့ရိုးရာရေသင်္ကြန်ပွဲတော်အား ကရင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ပြီးခဲ့သည့် မတ်လ(၁)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။



















