Home သတင်း သောင်ရင်းမြစ်ကမ်းဘေးတွင် နှစ်သစ်ကူးအတာရေသင်္ကြန်ပွဲတော်စည်းကားစွာ ကျင်းပရန် စီစဉ်လျက်ရှိနေ

သောင်ရင်းမြစ်ကမ်းဘေးတွင် နှစ်သစ်ကူးအတာရေသင်္ကြန်ပွဲတော်စည်းကားစွာ ကျင်းပရန် စီစဉ်လျက်ရှိနေ

792
Photo: CJ (ပုံဟောင်း)

မတ်လ ၂၉ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ဒေသရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် နှစ်သစ်ကူး အတာသင်္ကြန်ပွဲ တော်ကို စည်းကားစွာကျင်းပရန် ယခုမတ်လမှ စ၍ ကြိုတင် ပြင်ဆင် စီစဉ်မှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသော်လည်း နယ်ခြားစောင့်တပ်(BGF) များ ထိန်းချုပ်ရာ ရွှေကုက္ကိုလ်ဒေသအပြင်ဘက်ရှိ ကရင်နှစ်သစ်ကူးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ် နေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သင်္ကြန်မဏ္ဍပ်က နှစ်သစ်ကူးကွင်းအရှေ့မှာဆောက်နေတယ်။ သောင်ရင်းမြစ်ဘေးမှာလည်း ဒီလအစကနေ လုပ်နေ တယ်။ ဆောက်တဲ့နေရာမှာ BGF တွေအများကြီးပဲ လုံခြုံရေးစောင့်နေတယ်။ နှစ်သစ်ကူးကွင်းရှေ့မှာ အကုန်လုံးရေသွား ကစားရမယ်။ တစ်ချို့ကတော့ မြစ်အစပ်မှာသွားရမယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် သင်္ကြန်ပွဲတော်ကျင်းပရန် ရပ်ကွက်ထဲရှိ အမျိုးသမီးများက သင်္ကြန်အကများ ကြိုတင်ပြင်ဆင် အကတိုက်နေကြပြီဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

လာမည့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဒေသခံပြည်သူများအနေဖြင့် ကျင်းပပါဝင်ခြင်းမပြုရန် ကရင်ပြည်နယ် အတွင်းရှိအချို့သော နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက မိမိတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မေတ္တာရပ်ခံ ထုတ်ပြန်ထားလျက်ရှိကြောင်း တွေ့ရသည်။

မြန်မာနှစ်ကူး သင်္ကြန်သည် လာမည့် ဧပြီလ ၁၃ ရက်နေ့မှစ၍ အကြိုနေ့ကျရောက်မည်ဖြစ်ပြီး တခြားသော မြို့ကြီးတချို့ တွင်လည်း သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်များစတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တွေ့ရသည်။