Home သတင်း ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီက ညအချိန်လုံခြုံရေးသိသိသာသာတိုးမြှင့်လုပ်ဆောင်လာ

ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီက ညအချိန်လုံခြုံရေးသိသိသာသာတိုးမြှင့်လုပ်ဆောင်လာ

698
Photo: CJ

မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညဘက် အချိန်များတွင် လုံခြုံရေးသိသိသာသာ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာမှုများကြောင့် ထားဝယ်မြို့ ပေါ်တွင် ယခုရက်ပိုင်းအတွင်း လမ်းဆုံ-လမ်းဂွ၊ ဌာနဆိုင်ရာရုံးများနှင့် အချက်အချကျသော နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေရာယူ ကင်းချထားပြီး မြို့တွင်းများတွင်လည်း ညအချိန် ကားများဖြင့် ကင်းလှည့်ခြင်းများကို ခပ်စိပ်စိပ် လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အရင်က မနက်ခင်းပိုင်းတွေဆို ဆိုင်ကယ်ဖမ်းပြီး ငွေညှစ်တဲ့အဖွဲ့ပဲရှိတယ်။ အခုက နေ့ဘက်တွေမှာ ဆိုင်ကယ်ဖမ်းတာရော စစ်သားတွေရော အစုံပဲအခုရက်ပိုင်းမှာ ပိုများလာတယ်။ ပြီးတော့ မော်တော်ပီကေ (ယာဉ်ထိန်းရဲ)တွေကလည်း သေနတ်တွေကိုင်လာတယ်။ ဘယ်မှာနေလို့ နေရမလဲ မသိတော့ဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ညဘက်အချိန်များတွင်လည်း တပ်ဖြန့်သည့် သဘောမျိုးဖြင့် နေရာတိုင်းလိုလိုတွင် ကင်းချထားပြီး ကားများပေါ်တွင်လည်း စက်သေနတ်များ တင်ကာ ကင်းလှည့်ခြင်းများ ကိုလုပ်ဆောင်လာသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်လာရကြောင်း မြို့ခံများက ဆိုသည်။

နောက်ထပ်မြို့ခံတစ်ဦးကလည်း “သူတို့ကို ပြည်သူတွေက ကြောက်တာကို လိုချင်ကြတာ။ ကားတွေ ပေါ်မှာ စက်သေနတ်တွေတင်ပြီး ကင်းလှည့်တာတွေကို တွေ့လာရတယ် အခုရက်ပိုင်းမှာ။ တစ်ခါ တလေကျရင်ညဘက် အမှောင်ရိပ်ခိုပြီး လမ်းမတစ်လျှောက်ကင်းချထားကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတင်္သာရီတိုင်းဒေသအတွင်းတွင်လည်း နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များနှင့်အာဏာသိမ်း စစ်ကောင်စီများအကြား စစ်ရေးတင်မားနေပြီး မကြာခဏတိုက်ပွဲ များဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၂ရက်နေ့ကလည်း ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတား တစ်ဖတ်ခြမ်းရှိ သောကြာပြင်ရွာမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။