Home သတင်း စခန်းရှေ့ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ဒေသခံများအား စစ်ကောင်စီတပ်ခြိမ်းခြောက်

စခန်းရှေ့ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ဒေသခံများအား စစ်ကောင်စီတပ်ခြိမ်းခြောက်

540

မတ်လ ၂၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တောင်စွန်းရွာ ဘုန်းတော်ကြီးကျောင်း သာသနာ့ ပုရဝုဏ် ဧရိ ယာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက နံနက်ဖြန် မတ်လ ၂၉ ရက်နေ့မှ စ၍ ၎င်းတို့ စခန်းရှေ့ဖြတ်သန်းသွားလာသူ မည်သူမဆို ပစ်ခတ်မည်ဟု ဒေသခံနှင့် ခရီးသွားလာသူများအား ယနေ့ ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

တောင်စွန်းစခန်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း -ခလရ ၂၈၃ နှင့် BGF- နယ်ခြားစောင့်တပ် အမှတ် ၁ဝ၂၃ တပ်ရင်းတို့ ပူးပေါင်းတပ်စွဲနေထိုင်ကြပြီး ယမန်နေ့ မတ်လ ၂၇ရက် တပ်မတော်နေ့မတိုင်မီ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့စခန်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ကျေးရွာများဘက်သို့ ခြိမ်းခြောက်ပစ်ဖောက်မှများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် မတ်လ ၂၇ ရက် တပ်မတော်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် စခန်းရှေ့ဖြတ်သန်းသွားလာမှုအား ပစ်ခတ်မည်ဟု ယခုလို တားမြစ် ပိတ်ပင်ခြင်းနှင့် ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဝင်းရော်ဒေသခံများထံမှ သိရသည်။

“ သူတို့စခန်းရှေ့ လမ်းမကြီးမှာ ကား၊ ဆိုင်ကယ်နဲ့ ဒီနေ့ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေ သေနတ်နဲ့ လှမ်းပစ် ခံရတယ်။ ပေးမဖြတ်တော့ဘူး။ အကုန်လှည့်ပြန်ခိုင်းတယ်။ ဘုန်းကြီးကားလည်း ပြန်လှည့် ပြန်ခိုင်းတယ်။ ဒီနေ့က မထိအောင် လှမ်းပစ်တဲ့အဆင့်ပဲ။ မနက်ဖြန်ကစပြီး ဘယ်သူမဆို စခန်းရှေ့ ဖြတ်ရင်း ပစ်ခံရမယ်ဆိုပြီး ပြောတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အထိ ဆက်သွယ် ထားသည့် ပြည်နယ်ချင်းဆက် လမ်းမကြီးတစ်လျှောက်ရှိ ဇီးနှစ်ပင်၊ လွတ်ရှမ်း၊ အနန်းကွင်း၊ တောင်စွန်းရွာနှင့် မြို့အဝင်များတွင် စစ်ကောင်စီပူးပေါင်းတပ်များက စခန်းများအသီးသီးချထား လျက်ရှိပြီး ဖြတ်သန်းသွားလာသူများထံမှ အဓမ္မငွေကြေးတောင်းခံသည့်အပြင် ဖြတ်သန်းသွား လာသူများကို သေနတ်ဖြင့် ပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် ဒေသခံ ၃ ဦးကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်ဟု ဝင်းရော်ဒေသခံများက ပြောသည်။

“ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က နေရောင်ခြည်ရွာက ကျောင်းသိမ်သမုတ်ဖို့ ကားနဲ့ဆရာတော်တွေကို ဖားပြရွာဘက်ကို သွားကြိုပြီးအပြန်မှာ တောင်စွန်းစခန်းရှေ့ရောက်တော့ စခန်းကုန်းကနေ သေနတ်နဲ့ လှမ်းပစ်တယ်။ ဆရာတော်တွေပါလာတဲ့ကားက မှန်တွေကွဲသွားတယ်။ ဘုန်းကြီးတစ်ပါးလည်း ဒဏ်ရာ နည်းနည်း ရသွားသေးတယ်။ လူမှုစီးပွားရေး ဒေသထွက်သီးနှံကုန်တွေ ရောင်းဝယ်သွားလာဖို့က ဒီလမ်း ကိုပဲ အားလုံးမှီခို နေကြရတယ်။ ခုလိုလမ်းပိတ်လိုက်ရင် အကုန်ဒုက္ခရောက်ကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီပူး ပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယဉ်များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ကျေးရွာရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးအချို့ထိမှန် ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံအရပ်သားပြည်သူ ၃,ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီး စစ်ကောင်စီတပ် စခန်းနှင့်နီးသည့် ဒေသခံအများစု ယနေ့အချိန်ထိ နေအိမ်မပြန်လာနိုင်ကြသေးဟု စစ်ရှောင်ကူညီသူများက ပြောသည်။

တောင်စွန်းစခန်းရှိ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက် ငယ်များ မကြာခဏ လှမ်းပစ်ခတ်လေ့ရှိသည့်အတွက် ၎င်းတို့၏စခန်းအရှေ့ဘက်တွင်ရှိသည့် ကျေးရွာဘုန်းကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များလည်း ကျောင်းကိုစွန့်ခွာသွားကြရပြီး ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင် နေကြရဆဲဖြစ်သည်။