Home သတင်း စက်သုံးဆီနှင့် စားသုံးကုန် သယ်ဆောင်သည့် ပုလောဒေသခံများကို စစ်ကောင်စီ တားမြစ်ခြိမ်းခြောက်

စက်သုံးဆီနှင့် စားသုံးကုန် သယ်ဆောင်သည့် ပုလောဒေသခံများကို စစ်ကောင်စီ တားမြစ်ခြိမ်းခြောက်

552
Photo: CJ

မတ်လ ၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပုလော၊ ပလ၊ ပလောက်မြို့များနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ စက်သုံးဆီ(ဓာတ်ဆီ)သယ်ဆောင်ခွင့်ကို စစ်ကောင် စီက ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ကန့်သတ်တားမြစ်ကာ ရောင်းဝယ်သူများကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

အမည်မဖော်လိုသူ ပုလောမြို့နေ ဒေသခံတစ်ဉီးက “ဓာတ်ဆီက ဆိုင်တွေကို မရောင်းခိုင်းတော့တာ။ ဆိုင်ရှင်တွေကို ခြိမ်းခြောက်ထားတာရှိတယ် စစ်တပ်က။ ဆိုင်ရှင်တွေက ဓာတ်ဆီ တွေ ဆက်ရောင်းမယ်ဆိုရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမယ်တို့။ သတ်မယ်တို့အထိ ခြိမ်းခြောက်ထားတာရှိတယ်။ ဓာတ်ဆီက သယ်ဖို့ထက် ဆိုင်မှာ သွားဝယ်လို့ကို မရတော့ တာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ စက်သုံးဆီသယ်ဆောင်မှု တားမြစ်ခြင်း၊ ဆီဆိုင်များကိုလည်း ရောင်းဝယ်ခွင့်မပေးသည့်အပြင် ဒေသခံပြည်သူများ ဆန်နှင့် အခြားစားသုံးကုန်(ရိက္ခာ)များ ဝယ်ယူသယ်ဆောင် ခြင်းကိုလည်း ဖေဖော်ဝါရီလအတွင်း စတင် ပိတ်ပင်ထားပြီး စစ်ကောင်စီတပ်များက မြို့တွင်းမြို့ပြင် ဂိတ်ချထားကာ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့သူများက ပြောဆိုသည်။

“စားနပ်ရိက္ခာကတော့ အကုန်လုံးကို ကန့်သတ်ထားတယ်။ ဆန်တွေ၊ ဓာတ်ဆီမှာဆိုရင်လည်း ဓာတ်ဆီ၊ ဒီဇယ်၊ ပရီမီယံအကုန်ပဲ။ ဂိတ်တွေချထားပြီးတော့ကို စစ်တာ။ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလလောက်ကမှ စစ်ဆေးရေးဂိတ်တွေ တိုးလာပြီးတော့ စစ်တာ။ ပြီးတော့ အဲ့လိုကန့်သတ်တာတွေ လုပ်လာတာ။ အဲ့လိုတွေ ဖြစ်လာတဲ့အတွက် ပြည်သူတွေအတွက် အခက်အခဲ တွေ ရှိလာတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ မြို့တွင်းမြို့ပြင် ဂိတ်ချစစ်ဆေးမှုများကို ဖေဖော်ဝါရီ ၂၁ရက်နေ့မှ စတင် လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်း များကိုဝတ်ဆင်ကာ ကားလမ်းမတစ်လျှောက် စစ်ဆေးနေခြင်းဖြစ်ပြီး ဒေသခံများ သယ်ဆောင်လာသည့် ဓာတ်ဆီများ၊ စားသုံးကုန် ရိက္ခာများကို သိမ်းဆည်းခြင်း၊ ဒဏ်ကြေးငွေပေး ဆောင်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ညမထွက်ရအမိန့်(မာရှယ်လော) ထုတ်ပြန်ကာ စစ်အုပ်ချုပ်ရေးဖြစ်နေသည့် ပုလောမြို့တွင်လည်း ဖေဖော်ဝါရီလ ၂၂ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက (အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု)တွင်ပါဝင်သည့် ကျောင်းဆရာမများနှင့် အရပ်သားတချို့ကို ၎င်းတို့၏နေအိမ်အတွင်းသို့ အကြောင်းမဲ့ဝင်ရောက်ကာ ဖမ်းဆီးခဲ့သေးကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။