Home သတင်း ရွေးကောက်ပွဲကော်မရှင်ထံ KNDP ပါတီမှတ်ပုံတင်လျှောက်ထား

ရွေးကောက်ပွဲကော်မရှင်ထံ KNDP ပါတီမှတ်ပုံတင်လျှောက်ထား

551

မတ်လ ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ဖားအံမြို့အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP က ၎င်းတို့ပါတီ ဆက်လက် တည်ထောင်ခွင့်ပြုရန် စစ်ကောင်စီ ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ မတ်လ ၂၃ ရက်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်ထားလာသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ KNDP ပါတီအနေဖြင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားပြီး အသုံးပြုသွားမည့် ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်အမှတ် အသားများကိုလည်း ထုတ်ပြန်သည့်နေ့မှစ၍ ၇ ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ချက်စာတွင် ဖော်ပြထားသည်။

KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ ကရင်မှာ ပါတီရှိသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပြန်လည် မှတ်ပုံတင်ခြင်း ဖြစ်တယ်။ ဘယ်အစိုးရတက်တက် ကရင်ပါတီရှိနေခဲ့ရမယ်။ ကရင်မှာ လက်နက်ကိုင် အဖွဲ့ရှိခြင်းအားဖြင့် ပရမ်းပတာ သူများဟိုလုပ်၊ ဒီလုပ်လို့မရဘူးပေါ့လေ။ အလားတူ နိုင်ငံရေးနယ်ပယ်မှာလည်း ကရင်တွေအတွက် ပြောရေးဆိုခွင့်ရှိအောင် ပါတီထားခြင်းဖြစ်ပါတယ်” ဟု ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

မြန်မာ့နိုင်ငံရေး ခေတ်စနစ်အဆက်ဆက်တွင် ကရင်များပါတီမရှိခဲ့သည့်အတွက် တစ်ခြားသော ပါတီများ၏ ရှေ့ဆောင်မှုလမ်းစဉ်အပေါ်မှာသာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရပြီး နိုင်ငံရေး နောက်လိုက်အဆင့်သာ ရပ်တည် ခဲ့ကြရကြောင်း၊ ထို့ကြောင့် နိုင်ငံရေးစင်မြင့်ပေါ်တွင် မည်သည့် အစုအဖွဲ့များအပေါ် ကန့်ကွက်ခြင်းထောက်ခံရပ်တည်ပေးခြင်းမျိုးမဟုတ်ဘဲ မိမိတို့ကရင်များ ကိုယ်ပိုင်ခံယူတွေးခေါ်ချက်များနှင့် ဆုံးဖြတ်ပိုင်ခွင့်များအား လုပ်ဆောင်လာနိုင်အောင် ပါတီအား ဆက်လက်တည်ရှိလိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအား စစ်ကောင်စီက ပြောင်းလဲပြင်ဆင်ခဲ့ပြီးနောက် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ဆက်လက်တည်ထောင်လိုသည့် နိုင်ငံရေးပါတီများ ယခုမတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်မှု ပြန်လည်လျှောက်ထားရမည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်များအရ သိရသည်။

ကရင်အမျိုးသားနိုင်ငံရေးလှုပ်ရှားနေသူ စောဖူ့ယောင်ဟဲ့က “ ကရင်အမျိုးသားရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်ပေးနိုင်တဲ့ ကရင်ပါတီတွေ ကျနော်တို့လိုအပ်ပါတယ်။ စစ်ကောင်စီဟာ အမျိုးသားထု တစ်ရပ်လုံးကို ဖိနှိပ်နေတဲ့ကာလမှာ သူတို့လုပ်မယ့်ရွေးကောက်ပွဲကို ပါဝင်ပေးတာက သူတို့ကို အသိမှတ်ပြုလိုက်သလို ဖြစ်တယ်။ ကရင်အမည်ခံပြီး ကရင်အကျိုးစီးပွားထက် သူတို့ရဲ့ အသိုင်းအဝိုင်းအကျိုးစီးပွားလောက်ပဲ မြင်ပြီး ရွေးကောက်ပွဲဝင်နေရင်တော့ ဝမ်းနည်းမိပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း မည်သည့်နေရာတွင်မျှ အနိုင်မရရှိခဲ့ပေ။ စစ်ကောင်စီ ဦးဆောင်ကျင်းပရန် စီစဉ်နေသည့် အထွေထွေရွေးကောက်ပွဲတွင်လည်း KNDP ပါတီ အနေဖြင့် နိုင်ငံရေးပါတီဥပဒေမူဝါဒများကြောင့် ပြည်နယ်အဆင့်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် ပါတီရုံးချုပ်အခြေစိုက်ထားသည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP တို့သည် ပါတီပြန်လည် တည်ထောင်သွားရန် ကော်မရှင်ထံ အသီးသီးမှတ်ပုံတင်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ကရင်ပြည်သူ့ပါတီ-KPP အနေဖြင့်လည်း ပါတီပြန် လည်မှတ်ပုံတင်ရန်ကိစ္စအား ၎င်းတို့ပါတီဝင်များထံ အတည်မပြုနိုင်သေးသော်လည်း ပါတီဥက္ကဋ္ဌဖြစ်သူ စောထွန်းအောင်မြင့်အနေဖြင့် ယခုစစ်ကောင်စီအဖွဲ့၏ ပြည်ထောင်စုအဆင့်ရာထူးနေရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နေလျက်ရှိသည့်အတွက် ၎င်းတို့ပါတီမှတ်ပုံတင်နိုင်ခြေများမည်ဟု ကရင့်နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ဧရာဝတီနှင့်ရန်ကုန်တိုင်းတွင် အခြေစိုက်သည့် ကရင်အမျိုးသားပါတီ-KNP အနေဖြင့်လည်း မှတ်ပုံမည့်ကိစ္စကို တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။