မတ်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ယနေ့ တပေါင်းလပြည့် နေ့(မတ်လ ၅ရက်)တွင် ကျရောက်သော ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပထမဦးဆုံးအကြိမ် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
ပအိုဝ်းလူမျိုးများ၏ ဘာသာစကား၊ ရိုးရာဓလေ့ယဥ်ကျေးမှုများကို မပျောက်ပျက်အောင်နှင့် တိုင်းရင်း သားညီအစ်ကိုမောင်နှမများနှင့်အတူ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးကို မျှော်မှန်း၍ အမျိုးသား နေ့ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။
၎င်းက “ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်မှာ ပအိုဝ်းအမျိုးသားနေ့ကို ပထမဦးဆုံးအကြိမ်ကျင်းပတာဖြစ်ပါ တယ်။ အခုလိုလူမျိုးတစ်မျိုးရဲ့ ဝိသေသလက္ခဏာများကို ကျင်းပဆောင်ရွက်ခွင့်ရအောင် တာဝန်ယူ တာဝန်ခံပေးတဲ့ ကေအဲန်ယူပိုင်ကျုံမြို့နယ်က သက်ဆိုင်ရာလူကြီးများကို အထူးပင် ကျေးဇူးတင်ပြီး အောက်မေ့ အမှတ်ရနေမှာပါ”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယနေ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၉ တပ်ရင်းမှူး၊ ကေအဲန်ယူပိုင်ကျုံမြို့နယ်စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုစောပုလူ၊ ပအိုဝ်းဖက်ဒရယ်ကောင်းစီ အတွင်းရေးမှူး (၂) ဦးခွန်ဝေထူး၊ ဒေသခံပြည်သူများနှင့် တော်လှန်ရေးရဲ ဘော်များအပါအဝင် လူဦးရေ (၂၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားသီချင်းဖြင့် ပအိုဝ်းအမျိုးသားအလံတော်အား အလေးပြုပြီးနောက် တက်ရောက်လာသော ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်း၊ ပအိုဝ်းတော်လှန်ရေး သမိုင်း အဆက်ဆက်၊ နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်အရေးအတွက် ကျဆုံးသွားခဲ့သည့် အာဇာနည်များအား အလေးပြုခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် ပအိုဝ်းအမျိုးသားနေ့ကို တက်ရောက်ဂုဏ်ပြုသော သက်ဆိုင်ရာ ဒေသခံတာဝန်ရှိသူများ ၊ ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား ဒေသခံပအိုဝ်းလူငယ်များက ရိုးရာဝတ်စုံများဖြင့် ရိုးရာအကကို ကပြဖျော်ဖြေပေးခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသောပအိုဝ်းလူငယ် ခွန်နေလက“လူမျိုးစုတိုင်းဟာ ဖက်ဒရယ် လိုချင်ကြတာပဲလေနော်၊ ဖက်ဒရယ်လိုချင်လို့ ဒီနွေဦးတော်လှန်ရေးထဲမှာလည်း တခြားလူမျိုးနည်းတူ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြတာပေါ့။ တခြားလူမျိုးအခွင့်အရေးရသလိုမျိုး ကျနော် တို့ လူမျိုးလည်း တခြားလူမျိုးနည်းတူ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေလိုချင်တာပေါ့နော် ”ဟု ကေအိုင်စီသို့ ပြောသည်။
ဂေါတမ မြတ်စွာဘုရားရှင်ကို သထုံပြည်သို့ ပင့်ဆောင်ပူဇော်ပေးခဲ့သော သုဝဏ္ဏဘူမိ သထုံပြည့်ရှင် သထုံမြို့ရွှေစာရံစေတီတော် မူလဒါယိကာ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့တော် တပေါင်းလပြည့်နေ့ကို အစွဲပြု၍ ပအိုဝ်းအမျိုးသားနေ့အဖြစ် ၁၉၄၈ ခုနှစ်၊ မတ်လတွင် သထုံမြို့ရေကျော်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပခဲ့သည့် ပအိုဝ်းပြည်သူတစ်သောင်း(၁၀,၀၀၀)ကျော် ပါဝင်သော လူထု အစည်းအဝေးကြီး၏ ဆုံးဖြတ်တောင်းဆိုချက်များအရ အတည်ပြုသတ်မှတ်ခဲ့ကြပြီး ၁၉၄၉ ခုနှစ် (ကောဇာသက္ကရာဇ် ၁၃၁ဝ ခုနှစ် တပေါင်းလပြည့်)နေ့တွင် စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ယနေ့ ကျရောက်သည့် ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က ကမက ပြု၍ အွန်လိုင်းအခမ်းအနားအစီအစဉ်တစ်ရပ်ကျင်းပခဲ့ရာ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စား လှယ်ဟောင်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ အစရှိသော လူပုဂ္ဂိုလ်(၁၀၀)နီးပါး တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။



















