မတ်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြန်မာ-ထိုင်းနယ်ခြားသောင်ရင်းမြစ်ဘေးတစ်လျှောက်ရှိ သီးနှံစိုက်ပျိုး တောင်သူများသည် ယခုလ သီးနှံထွက်ချိန် စျေးနှိမ်ခံရသဖြင့် တွက်ခြေမကိုက်ဖြစ်နေသည်ဟု သိရှိရ သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်သောင်ရင်းဘေးရှိ ကျေးရွာများဖြစ်သော သေ့မော်ကူးကျေးနယ် တာလယ်၊ ကားထ၊ ထူးပညာနှင့် ကျော်ကေထရွာအစရှိသည့် ကျေးရွာများရှိ ဒေသခံ သီးနှံစိုက်တောင်သူများသည် ထိုင်းလုပ်ငန်ရှင်များထံမှ ချေးငွေယူ၍ ရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြပြီး သီးနှံထွက်ချိန်တွင် ထိုလုပ်ငန်းရှင်များထံကိုသာ ပြန်လည်ရောင်းချကြရသည်ဟု တောင်သူများက ပြောသည်။
ထိုသို့ ပြန်လည် ရောင်းချချိန်တွင် သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းကိုသာ ရောင်းချနေရသော ကြောင့် စိုက်ပျိုးသီးနှံများ ရောင်းချပြီးသည့် အချိန်တွင် လုပ်အားခပါ မကျန်ရှိတော့ကြောင်း နယ်စပ်တွင် စိုက်တောင်သူ တစ်ဦးဖြစ်သည့် စောကရယ်ထူးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ထိုင်းသူဌေးတွေက ပဲမျိုးစေ့ တွေကိုပေးတယ်၊ စိုက်ပျိုးဖို့ပေးထားတယ်၊ စိုက်ပျိုးအရည် အသွေးပြည့် တဲ့အချိန်ကြရင် သူတို့ဆီပဲ ပြန်ရောင်းပေးရတယ်၊ ကိုယ်လိုချင်တဲ့စျေးမရဘူး၊ ပေးသ လောက်ပဲယူရ တယ်၊ သူတို့မျိုးစေ့ပေးထားတဲ့အတွက် သူတို့ကိုပဲ ပြန်ရောင်းရတယ်၊ မရောင်းလို့လည်း မရဘူး၊ ရှင်းစရာပေးစရာငွေတွေ ရှင်းပြီး လက်ထဲမှာ ဘာမှမကျန်တော့ဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါ ကျေးရွာများ၏ သီးနှံများအား ထိုင်းကုမ္ပဏီများကို အဓိကထားရောင်းချပေးနေရပြီး ရောင်း၍ ရသော ငွေများကို ချေးငွေအတိုးနှင့်ချေးငွေများပါ တပြိုင်တည်းဖြင့် နုတ်ယူလိုက်သည့်အတွက် စိုက်ပျိုးတောင်သူများအနေဖြင့် လုံးဝတွက်ခြေမကိုက်ဖြစ်နေကြရသည်ဟုလည်း အခြား သီးနှံ တောင်သူတစ်ဉီးဖြစ်သည့် နော်မူမူက ပြောသည်။
၎င်းက “သူတို့က ချေးငွေတွေကို ငါးကျပ်တိုးနဲ့ ချေးတယ်၊ ရွာကလူတွေလည်း သွားချေးတယ်၊ ချေးတဲ့ သူဌေးဆီမှာသီးနှံရောင်းတဲ့ အချိန်ကျရင် ချေးငွေနဲ့အတိုးငွေပါတစ်ခါတည်းပေးရတယ်ပြီးတော့ ငွေရှင်း တဲ့အခါ ပြီးရင် ဘာမှမကျန်တော့ဘူး၊ စိုက်ပျိုးတာက သူတို့သူဌေးတွေအတွက် စိုက်ပေးထားရသလိုပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်မငြိမ်မှုကို အချို့သောထိုင်းလုပ်ငန်းရှင်များက အခွင့်ကောင်းယူပြီး မြန်မာအလုပ်သမားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသူများအား လုပ်အားခ နှင့်သီးနှံများ ဈေးနှိမ်မှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်ဟု အမည်မဖော်လိုသူ ဒေသတွင်း KNU-ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒါတွေကတော့ ကျနော်တို့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အများကြီ သက်ဆိုင်နေပါတယ်၊ စစ်အာ ဏာသိမ်းတော့ ပြည်သူတွေ ဒုက္ခရောက်တယ်၊ ရောက်တော့ အိမ်နီးချင်းတွေကလည်း နှိမ်တယ်ပေါ့လေ၊ စိုက်ပျိုးတောင်သူတွေက ကြိုးစားလုပ်ကိုင်သလောက် အကျိုးအမြတ် မခံစားကြရဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်သောင်ရင်းမြစ်တစ်လျှေက်ရှိ ဒေသခံစိုက်ပျိုးတောင်သူများသည် မြေပဲ၊ ပြောင်း၊ နှမ်း၊ ပီလောပီနှံနှင့် ရာဘာ စသည်တို့ စိုက်ပျိုးကြပြီး ပုံမှန်အားဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ အဆင်ပြေခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းဘတ်ငွေ ဈေးမြင့်တက်မှု၊ ပြည်တွင်း ကုန်ဈေးနှုန်းအလွန်မြင့်တက်လာမှုတို့ကြောင့် စိုက်ပျိုး တောင်သူများ အဆင်မပြေမှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု စိုက်တောင်သူများထံမှ သိရသည်။



















