မတ်လ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပအိုဝ်းပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ်မှ ရုန်းထွက်ကြရန် ယနေ့ မတ်လ(၅)ရက် နေ့တွင် အွန်လိုင်းဖြင့်ပြုလုပ်ကျင်းပသော (၇၄)ခုနှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ပအိုဝ်း အမျိူးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။
စစ်ကောင်စီသည် ပအိုဝ်းဒေသများတွင် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် လက်ကိုင်တုတ်အဖြစ် အသုံးပြု၍ ပအိုဝ်းလူမျိုးအချင်းချင်းကြား ပဋိပက္ခများကို ဖန်တီးနေကြကြောင်း၊ ထို့ကြောင့် လက်ကိုင်တုတ်အဖြစ် အသုံးချနေရခြင်းမှ ရှောင်ရှားရုန်းထွက်ကြရန် (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက အခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီက ပအိုဝ်းနှင့် အခြားတိုင်းရင်းသားလူမျိုးတွေကြားမှာ ပူးတွဲရန်တိုက်မှုဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။ သူတို့ရဲ့အကျိုးစီးပွားအတွက် ပအိုဝ်းပြည်သူတွေ လက်ကိုင်တုတ်အဖြစ် အသုံး ချခံနေရခြင်းကနေ ရှောင်ရှားရုန်းထွက်ကြပါ။ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်တဲ့အတွက် ပအိုဝ်းအမျိုးသားတွေအနေနဲ့လည်း ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူတွေနဲ့ လက်တွဲတိုက်ပွဲဝင်နေပါတယ်။” ဟု ဦးခွန်မြင့်ထွန်းက တိုက်တွန်းပြောဆိုသည်။
ထိုသို့တိုက်ပွဲဝင်ရာတွင်လည်း ပအိုဝ်းအမျိူးသားဖက်ဒရယ်ကောင်စီ၏ ဦးဆောင်မှုအောက်မှ ပအိုဝ်းပြည် သူ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PPDF-KD)နှင့် ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့(PNDF-KK) တို့ကိုဖွဲ့စည်းကာ သထုံ၊ ဖားအံ၊ ရှမ်းနှင့်ကရင်နီနယ်စပ်များတွင် တပ်နယ်(၃)နယ်ဖွဲ့စည်း၍ စစ်ရေးဆောင်ရွက်နေသည်ဟုလည်း ခွန်မြင့်ထွန်း ဆက်လက်ပြောကြားခဲ့သည်။
ယနေ့ ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ အွန်လိုင်းအခမ်းအနားသို့ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ အမျိူးသား ညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးများ၊ CRPH ဥက္ကဋ္ဌ ဦးအောင် ကြည်ညွန့်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် လူပုဂ္ဂိုလ်(၁၀၀)နီးပါး တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

NUG ယာယီသမ္မတဒူဝါလရှီးလက “ပအိုဝ်းအမျိူးသားရေးယဥ်ကျေးမှုဖြစ်ထွန်းတဲ့ ရေခံမြေခံကို ယခုထက်ပိုမို အားဖြည့်ကြဖို့နဲ့ ပအိုဝ်းလူ့အဖွဲ့အစည်းရဲ့ယဥ်ကျေးမှုတွေ ခိုင်မာအားကောင်းလေလေ ၊ ပအိုဝ်းအမျိုးသားရေး လက္ခဏာတွေ ခိုင်မာကျစ်လစ်လေလေဖြစ်တာကြောင့် တဖက်မှာလည်း လူမျိုးရဲ့ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ကို ကြီးပွားသည်ထက်ကြီးပွားအောင် တိုင်းရင်းသားညီအစ်ကိုများက ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု အခမ်းအနားမိန့်ခွန်းတွင် တိုက်တွန်းနိုးဆော်ခဲ့သည်။
အလားတူ အခမ်းအနားသို့ တက်ရောက်လာသော အရပ်ဖက်အဖွဲ့အစည်းနှင့် CDM လှုပ်ရှားမှုဆိုင်ရာ အစုအဖွဲ့ ကိုယ်စား ကျော်ဝေဖြိုးကလည်း “ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းမှာ တောင်းဆို ချက်(၃)ရပ်ကိုဦးတည်ပြီး တောင်းဆိုခဲ့ကြတဲ့ပအိုဝ်းအမျိူးသားထုကြီးရဲ့ လူထုလှုပ်ရှားမှုက ဂုဏ်ယူစရာဖြစ်ပါတယ်။ အဲဒီတောင်းဆိုချက်(၃)ရပ်က အစောပိုင်းကာလတွေမှာ ပအိုဝ်းအမျိုးသားတွေရဲ့နိုင်ငံရေးနိုးကြားမှုကို ဖော်ပြနေတာဖြစ်သလို နိုင်ငံရေးအမြင်ကိုဖော်ပြရာလည်း ရောက်ပါတယ်။” ဟု ပြောသည်။
ထို့အပြင် လက်ရှိအခြေအနေသည် ပအိုဝ်းအမျိုးသားနေ့၏ဆောင်ပုဒ်အတိုင်း ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံတော်တစ်ရပ် စုစည်းတည်ဆောက်ရာတွင် တစ်ခုအပါအဝင်ဖြစ်သော တန်းတူညီမျှမှုကိုတည်ဆောက်ရန် သမိုင်းအဆက်ဆက်အား သင်ခန်းစာယူသည့်အနေဖြင့် လေ့လာရမည်ဖြစ်ကြောင်းလည်း ကျော်ဝေဖြိုးက ဆက်လက်ပြောဆိုသည်။
ပအိုဝ်းလူမျိုးတို့အထွဋ်အမြတ်ထားသည့် သုဝဏ္ဏဘူမိပြည့်ရှင်ဖြစ်သော သူရိယစန္ဒာမင်း၏မွေးနေ့ တပေါင်းလပြည့်နေ့အား (၁၉၄၉)နှစ်မှစ၍ ပအိုဝ်းတစ်မျိုးသားလုံး၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြရာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ(၅)ရက်နေ့ တပေါင်းလပြည့်နေ့တွင် (၇၄)နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။



















