Home သတင်း စစ်အာဏာရှင်စနစ်ပြိုလဲသည်အထိ ပြည်သူနှင့်တစ်သားတည်းရပ်တည်မည်ဟု KNP ပါတီပြော

စစ်အာဏာရှင်စနစ်ပြိုလဲသည်အထိ ပြည်သူနှင့်တစ်သားတည်းရပ်တည်မည်ဟု KNP ပါတီပြော

750
Photo: KNP

မတ်လ ၂၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်ကရင်အမျိုးသားပါတီ-KNP အနေဖြင့် စစ်ကောင်စီဖွဲ့စည်းပေးထား သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ပြန်လည်မှတ်ပုံတင်ခြင်းမလုပ်ဘဲ စစ်အာဏာရှင်စနစ်ပြိုလဲ သည့်အထိ ပြည်သူများနှင့် တစ်သားတည်ရပ်တည်သွားမည်ဟု ပါတီတာဝန်ရှိသူမှ ပြောဆိုလိုက်သည်။

စစ်ကောင်စီဖွဲ့ပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်၍ မှတ်ပုံမတင်သည့် နိုင်ငံရေး ပါတီ ၄ဝ ဖွဲ့အား ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂၈ ရက်နေ့က အသိပေးထုတ်ပြန်ပြီး အဆိုပါ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီများတွင် ကရင်အမျိုးသားပါတီလည်းပါဝင်သည်ဟု ကော်မရှင် ထုတ်ပြန်ထားချက်အရ သိရသည်။

KNP ပါတီတာဝန်ရှိသူတစ်ဦးက “စစ်တပ်အာဏာသိမ်းကတည်းက သူတို့နဲ့မပတ်သက်ဘူး။ နေရာခေါ် ပေးရင် လည်း မလုပ်ဘူး။ ရွေးကောက်ပွဲ ကော်မရှင်ခေါ်လည်း မတက်ဘူး။ သူတို့နဲ့လုံးဝ မဆက်ဆံဘူးဆိုပြီး ဆုံးဖြတ်ခဲ့ ကြတယ်။ ကိုယ့်အမျိုးသားပြည်သူတွေကို ဒီလောက်နှိပ်စက်ပြီး မတရားအနိုင်ကျင့်နေတာကို ငါတို့သွားပြီး အသိအမှတ်မပြုနိုင်ဘူး။ စစ်အာဏာရှင်စနစ်ပြိုလဲအောင်တော့ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်သွားမယ်” ဟု ယနေ့မတ်လ ၂၉ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

ကရင်ပြည်နယ်တွင် အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ -KNDP နှင့် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ကရင်ပြည်သူ့ပါတီ -KPP တို့သည် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံတွင် ပြန်လည်မှတ်ပုံတင်ခဲ့ကြပြီး KNP တစ်ပါတီတည်းသာ ပြန်လည်မှတ်ပုံမတင်တော့သည်ဟု သိရသည်။

“ကရင်အမျိုးသားပါတီရဲ့ ရပ်တည်ချက်မျိုးကို ကျနော်တို့အသိမှတ်ပြု ကြိုဆိုရမယ်။ ဝန်းရံပေးရမယ်။ ရှေ့ဆက် နိုင်ငံရေးသွားတဲ့အခါမှာလည်း ကိုယ့်ပြည်သူဘက်ကို ကြည့်ပြီးဆောင်ရွက်တဲ့ ပါတီကောင်းတွေထွက်လာအောင် ဆက်သွားရမယ်။ ချော်လဲရောထိုင်ပုံစံမျိုးနဲ့ စစ်တပ်ခင်းပေးတဲ့ ထိုင်ခုံရရင်ပြီးရော ဆိုတဲ့အရာတွေကိုတော့ လက်မခံဘူး”ဟု ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားပါတီအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၅၊ ၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေများတွင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လုံလောက်သည့်မဲအရေ အတွက်များ မရရှိခဲ့သော်လည်း ခိုင်မာသည့်ပါတီမူဝါဒနှင့် ပြည်သူ့မျက်နှာမူ ရပ်တည်ပေးသည့် ဆုံးဖြတ်ချက်များအပေါ် ၎င်းတို့ပါတီအား အသိအမှတ်ပြုဝန်းရံသွားရမည်ဟု ကရင့်နိုင်ငံရေးလှုပ်ရှားနေသူများက ပြောဆိုသည်။

ကရင်အမျိုးသားပါတီသည် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ထံပါတီအား မှတ်ပုံတင်ခဲ့ကြပြီး ကရင်အမျိုးသားရေးအတွက် နိုင်ငံရေးရပိုင်ခွင့်များနှင့် ပြည်သူတစ်ရပ်လုံး၏ ဘဝလုံခြုံမှုရရှိရေး အခြားတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းတို့ပါတီ၏ ရည်ရွယ်ချက်တွင် ဖော်ပြထားသည်။