Home သတင်း တိုက်ပွဲ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် လိပ်သိုမြို့နှင့်အနီးတဝိုက်ရှိ ဒေသခံများ နေရပ်စွန့်ခွာရှောင်တိမ်းနေ

တိုက်ပွဲ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် လိပ်သိုမြို့နှင့်အနီးတဝိုက်ရှိ ဒေသခံများ နေရပ်စွန့်ခွာရှောင်တိမ်းနေ

638
Photo: CJ

မတ်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ တောင်ငူ-လိပ်သိုလမ်းရှိ စစ်ကောင်စီ တပ်စခန်း(၄)ခု ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့က တိုက်ခိုက်ခံရပြီးနောက်ပိုင်း တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြကြောင်း လိပ်သိုမြို့ခံများကပြောသည်။

အဆိုပါနေ့ နံနက်ပိုင်းတွင် ထုံးဘိုကြီး၊ ကျောက်လုံးကြီး၊ ဗဟုန်းနှင့် သံမိုးတောင် စစ်ကောင်စီတပ်စခန်း(၄)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် လိပ်သိုမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗဟုန်းနှင့်ထုံးဘိုကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ထိုသို့ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံနေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိပြီး အဆိုပါတပ်စခန်းများမှ အနီးတဝိုက်ကျေးရွာများရှိဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မနေ့ညက ကာကွယ်ရေးတပ်တွေကပ်လာတယ်ဆိုပြီး သေနတ်တွေကို မိုးပေါ်ထောင်ပြီး တစ်ညလုံးပစ်တယ်။ မသင်္ကာတဲ့နေရာတွေကိုကျတော့ လက်နက်ကြီးနဲ့လှမ်းထုတယ်။ ဖြစ်သွားတဲ့စခန်း(၄)ခုအနီးအနားရွာကရွာခံတွေ အိမ်မှာမနေရဲကြတော့ ခြံတွေထဲပြေးတဲ့သူက ပြေးကြတယ်။ တိုက်ပွဲပိုပြင်းထန်လာမှာစိုးတော့ တချို့ကလည်း မြို့ပေါ်တက်ပြေးတဲ့သူက ပြေးတယ်။” ဟု အဆိုပါဒေသခံကပြောသည်။

ထို့အပြင် ယမန်နေ့ မတ်လ(၂၈)ရက်နေ့ကလည်း လိပ်သိုလမ်းပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းများအား အင်အားထပ်မံဖြည့် တင်းခြင်းအပြင် ကင်းလှည့်ခြင်းများ လုပ်ဆောင်နေပြီး ၎င်းတို့သံသယရှိသောနေရာများသို့ လက်နက်ကြီးဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။

“ပြီးခဲ့တဲ့ရက်က ဗဟုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေလာတိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ကားခြောက်စီးစာထပ်ဖြည့်တယ်။ ဒါပေမဲ့ လိပ်သိုကိုတော့ စစ်ကားသုံးစီးပဲရောက်လာတယ်။ ကျန်တဲ့ကားတွေက ဘယ်စခန်းတွေမှာ သွားဖြည့်တာလဲတော့မသိသေးဘူး။ ညညဆိုလည်း လိပ်သိုတစ်ဝိုက်မှာ တောက်လျှောက်ကင်းလှည့်တယ်။” ဟု အခြားဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများအချိန်မရွေးပိုမို ပြင်းထန်လာနိုင်မှုကြောင့် လှုပ်ရှားသွားလာနိုင်သောမိသားစုအချို့မှာ တောင်ငူမြို့ပေါ်သို့ရွှေ့ပြောင်းနေကြပြီး သက်ကြီးရွယ်အိုနှင့်ကလေးသူ ငယ်များရှိသော မိသားစုများက မိမိတို့၏နီးစပ်ရာခြံများ၊ ကျေးရွာများတွင် သွားရောက်နေထိုင်ကြကြောင်း သံတောင်ကြီးမြို့ခံများက ပြောသည်။

ထို့အပြင် မတ်လ(၂၇)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်စခန်း (၅)ခုကို KNLA ပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် အထိအခိုက်အကျအဆုံးများကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လိပ်သိုမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုရှိခဲ့သလို မြို့တွင်းရှိ နေအိမ်ဆယ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့မှုများ လုပ်ဆောင်ခဲ့ခြင်း ကြောင့် နေရပ်ပြန်နေထိုင်ရန်မလုံခြုံသဖြင့် အချို့သောဒေသခံများမှာ နီးစပ်ရာနေရာများတွင် ယခုအချိန်ထိ ရှောင်တိမ်းနေထိုင်ကြဆဲဖြစ်သည်။