မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်၊ ကျုံဒိုးဒေသတစ်လျှောက် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ယာယီစစ်ဘေးရှောင်သူ ဒေသခံများ နေရပ်ပြန်ရန်ခက်ခဲနေ ကြောင်း ကျုံဒိုးစစ်ဘေးရှောင်နေထိုင်နေရသူများက ပြောသည်။
မတ်လ ၂၅ရက်မှ မတ်လ ၂၈ ရက်နေ့အထိ မြ၀တီ-ကော့ကရိတ်-ကျုံဒိုး ဒေသလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီ တပ်၊ နယ်ခြားစောင့်တပ် -BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ မြ၀တီ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
“ကျုံဒိုးကလူတွေ ဂျိုင်းတစ်ဘက်ကမ်း ရွှေဖြူ၊ မနီကုန်း၊ ဂျိုင်းရွာကြီးဘက်မှာရော နောင်ထက်ပံ၊ နဘူးဘက်ရော ပေါ့၊ ပြောမယ်ဆိုရင် တစ်နယ်လုံးနီးပါး ပြေးနေရှောင်နေရတဲ့သဘောပေါ့။ သူတို့စစ်တပ်တွေ BGF တွေကို ဒရုန်းနဲ့ ပစ်ချမှာ၊ လာဝိုင်းပစ်မှာ စိုးလို့အလုံးကြီးတွေ နာရီခြားလိုက် ပစ်ထုတ်လိုက် လုပ်နေတယ်၊ မြေပြင်ကတော့ ပစ်တာ မရှိတော့ဘူး။ ”ဟု ကျုံဒိုး စစ်ဘေးရှောင် ရပ်ကွက် သားတစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့ ကောင်းမှု၊ ကြောင်လျှာကုန်း၊ ဆင်ကုန်း၊ စော်ဟဲ၊ တတန်ကူး၊ ရွာသစ်ကျေးရွာများမှ ဒေသခံများအပြင် မြ၀တီမြို့ ကုန်သွယ်ရေး ဇုန်အနီးရှိ ရွှေမြစန္ဒီကွက်သစ်၊ တုံးတံတား၊ မဲကနယ်၊ ကွင်းကလေး ကျေးရွာများမှ ဒေသခံများလည်း စစ်ကောင်စီတပ် လက်နက်ကြီးကျည်များ ကျေးရွာများဘက် ကျပေါက်မှုများ ရှိနေခြင်းကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
၄ ရက်တာတိုက်ပွဲတွင် မြဝတီ-ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း တိုက်ပွဲလွတ်ရာ စစ်ဘေးရှောင်နေကြရသည့် ဒေသခံစစ်ဘေးရှောင်သူ ယာယီ စာရင်းများအရ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရသည့်အတွက် အစားအသောက်နေရာထိုင်ခင်းနှင့် ကျန်းမာရေးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများပြောစကားအရ သိရသည်။
လက်ရှိတွင် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုး ဒေသလမ်းပိုင်းများ ဆက်သွယ်သွားလာ၍ မရသေးသော်လည်း၊ ဒေါန တောင်ပတ် ကျေးရွာချင်းဆက်လမ်း မြ၀တီ၊ ထို့ကော်ကိုး၊ နဘူး၊ ထီလုံလမ်းကို အသုံးပြုသွားလာနေကြကြောင်း သိရသည်။
၎င်းလမ်းပိုင်းတစ်လျှောက် BGF၊ ကရင်အပစ်ရပ်အဖွဲ့KNLA/PC (ငြိမ်းချမ်းရေးကောင်စီ) တပ်ဖွဲ့တို့ဂိတ်များက ငွေတောင်းဖြတ်သန်းခွင့်ဖြင့် ကုန်စည်နှင့် ခရီးသည်များ ဖြတ်သန်းခွင့်ပေးသည့် အခြေအနေဖြင့် သွားလာနေရကြောင်း သိရသည်။



















