Home သတင်း စစ်ကောင်စီ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မော်လမြိုင်မြို့ရှိ နိုက်ကလပ်နှင့် ဘားများ ထပ်တိုးလာ

စစ်ကောင်စီ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မော်လမြိုင်မြို့ရှိ နိုက်ကလပ်နှင့် ဘားများ ထပ်တိုးလာ

871
Photo: မွန်ပြည်နယ်သတင်းစုံ

မတ်လ ၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ မြို့နယ်အတော်များများတွင် ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ထားခဲ့သော်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နိုက်ကလပ်နှင့် ဘားဆိုင် များမှာ လျော့ပါးမသွားဘဲ ထပ်တိုးလာကြောင်း မြို့ခံပြည်သူများက ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း၊ မြိုင်သာယာ၊ စမ်းကြီးရပ်ကွက်များတွင် နိုက်ကလပ်နှင့် ဘားဆိုင်များမှာ နောက်ထပ် ၄ခု အသစ် ဖွင့်လှစ်လာသည့်အပြင် လာရောက်အားပေးသူများ လည်း ဆက်လက် ရှိနေဆဲဖြစ်ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “အခု အသစ်ဖွင့်ထားတဲ့နေရာတွေက ကမ်းနားမှာ ၂ခု၊ မြိုင်သာယာမှာ ၁ခု၊ စမ်းကြီးမှာ ၁ခု ဖွင့််ထားတယ်။ KTV က နဂိုကတည်းကနေ များတယ်။ ခုက KTV ထက် ဘားတွေ၊ နိုက်ကလပ်တွေ များတာလာ။ ညမထွက်ရအမိန့်ထုတ်ထားလည်း နိုက်ကလပ်သွားတဲ့လူတွေက အရင်ကထက် များလာတယ်။ ညဘက် ၁၂(နာရီ)မတိုင်ခင်ပြန်လာရင်တော့ နည်းနည်း စစ်ဆေးမေးမြန်းတယ်။ ၁၂ကျော်ရင်တော့ ဖမ်းတယ်။”ဟု ပြောသည်။

ယခင်က နိုက်ကလပ်များ၊ ဘားများမှာ လာရောက်သူများအပေါ် မူတည်၍ ဖွင့်လှစ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ၂၄နာရီလုံး ဖွင့်လှစ်ထားပေးပြီး စစ်တပ်က အာဏာမသိမ်းခင် ရှိနေ သည့်အရေအတွက်ထက် ပိုမို ဖွင့်လှစ်လုပ်ကိုင်လာကြသည့်အပြင် သွားရောက်လည်ပတ်ကြသူ အများစုမှာလည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများသာဖြစ်သည်ဟုလည်း အဆိုပါမြို့ခံက ဆက်လက် ပြောဆိုသည်။

ယင်းသို့ မော်လမြိုင်မြို့၌ နိုက်ကလပ်နှင့် ဘားများ များပြားလာခြင်းနှင့် ပတ်သက်၍ အခြားမြို့ခံတစ်ဦးက “ဘားတွေ၊ ကလပ်တွေကတော့ ဖွင့်မှာပဲ။ ခုလို ခေတ်မကောင်းတဲ့အချိန်မှာ စစ်ရေးအရ တည်ငြိမ်နေတဲ့ ကျနော်တို့လိုမြို့မှာ သူတို့တစ်ဘို့တည်းကြည့်တဲ့ စီးပွားရေးသမားတွေက စစ်တပ်နဲ့ပေါင်းပြီး ဖွင့်ကြမယ်။ ပြီးရင် စီးပွားရှာကြမယ်။ ကိုယ်တွေက အားမပေး ဖို့၊ မသွားဖို့ဘဲ လိုတယ်။”ဟု ဝေဖန်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပါက လေးရက်ခန့် စစ်ဆေးမှုများ၊ တင်းကြပ်လုပ်ဆောင်မှုများ ပြုလုပ်လေ့ရှိပြီး ည ၁၂နာရီမှ မနက် ၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှုမရှိသော်လည်း ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်နေရာများတွင် KTV နိုက်ကလပ်ဆိုင် များပြားလာခြင်းသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အပြင် ကရင်ပြည်နယ်ရှိ ဖားအံမြို့နှင့် မြဝတီ မြို့များ၌လည်း အလားတူ များပြားလာလျက်ရှိကြောင်း သက်ဆိုင်ရာမြို့များတွင် နေထိုင်ကြသူများ၏ ပြောပြချက်အရ သိရသည်။