Home သတင်း ကျိုက်မရောက်ထောင်မှ လွတ်မြောက်လာသူတစ်ဦး၏ ရင်ဖွင့်သံ (ပေးစာကဏ္ဍ)

ကျိုက်မရောက်ထောင်မှ လွတ်မြောက်လာသူတစ်ဦး၏ ရင်ဖွင့်သံ (ပေးစာကဏ္ဍ)

622

ပေးစာကဏ္ဍ

ကျိုက်မရောက်ထောင်မှ လွတ်မြောက်လာသူတစ်ဦး၏ ရင်ဖွင့်သံ

ကျိုက်မရော ထောင်မှာ မလိုအပ်ဘဲ ငွေယိုနေတဲ့အပေါက် ရှိပါတယ်။ ထောင်ဝန်ထမ်းတွေဟာ နိုင်ကျဉ်းတွေရဲ့ မိသားစုဝင်တွေဆီက ငွေညှစ်နေတာ ပါပဲ။ ငွေညှစ်တယ်ဆိုတဲ့နေရာမှာ ငွေညှစ်မှန်းမသိအောင် လုပ်ကြတယ်။ နိုင်ကျဉ်း(နိုင်ငံရေးအကျဉ်းသား)တစ်ယောက်ဟာ မ(အမျိုးသမီး)အဆောင်မှာ ၃ပွင့် အဆင့် ဝန်ထမ်းတစ်ယောက်ကိုအပ်ရင် အနည်းဆုံး ၅သိန်းကနေ အများဆုံး သိန်းဆယ်ချီ ပေါက်စျေးရှိနေပါတယ်။ မိဘတွေက အထဲက ကိုယ့်သားသမီးကို ကောင်းကောင်းမွန်မွန် နေရအောင်ဆိုပြီး ထောင်ဝန်ထမ်းတွေနဲ့ ချိတ်ကြပါတယ်။ တကယ်တမ်း ကျမတို့မိဘတွေ ငွေကုန်တာပဲ အဖတ်တင်တာပါ၊ အထဲမှာ သူတို့ကိုအပ်ထားလို့ဆိုပြီး ဘာမှထူးပြီး အခွင့်အရေးပေးတာမျိုး လုပ်ပေးတာမျိုး လုံးဝ(လုံးဝ) မရှိပါဘူး။ နိုင်ကျဉ်းဆိုတာနဲ့ ထောင်ဝန်ထမ်းတွေဟာ ဘယ်လို ဖိနှိပ်ရမလဲပဲ တွေးနေကြတာပါ။ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်လို့မရ လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အမျိုးမျိုး စိတ်ဆင်းရဲအောင် စကားအသုံးအနှုန်းတွေနဲ့ မိုက်မိုက် ရိုင်းရိုင်း ဆက်ဆံတာမျိုးပါ။

(ကျိုက်မရော)ထောင်ပိုင် သက်ဦး ဆိုတဲ့လူက အမျိုးသမီးဆောင်မှာ သူ့အင်္ဂါနဲ့နှိုင်းပြီး ယူထားတဲ့ရာထူးကိုမှ အားမနာ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတာမျိုး၊ အကုန်လုံး ကို ရိုက်သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးအထိ လုပ်ခဲ့တဲ့သူပါ။ နိုင်ကျဉ်းကနေ လွတ်သွားတဲ့သူတွေ အစားအသောက် အဆင်ပြေအောင် သီးစုံ ဟင်းအတွက် လှူတဲ့အလှူငွေကအစ မကျွေးဘဲ သူ့အိတ်ထဲထည့်တဲ့သူပါ။ သောက်ရေဆိုလည်း တစ်ခါတစ်လေ ၃ရက်လောက်အထိ ဖြတ်ထားတာမျိုး။ ရေပိုက် လေးဖွင့်ပေးလိုက်ရင် ရနေတာတောင် မဖွင့်ပေးဘဲ ရေငတ်အောင် တမင်လုပ်တာမျိုးပါ။ ဆေးဝါးဆိုလည်း ဘာမှမရှိပါဘူး၊ နေမကောင်းဖြစ်ရင် ဆေးတွေ အိမ်ကို ပဲ မှာခိုင်းပါတယ်။ အလှူခံလိုက်တာမှ လွန်ရော။ နိုင်ကျဉ်းတွေဆီက အလှူခံပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရသမျှ ယူကြတာပါ။

ထောင်ဝင်စာပို့တဲ့နေရာမှာလည်း တစ်ပွင့်နဲ့ ရခိုင်မ(ရခိုင်ရဲမေ)က လက်ဖက်ရည်ဖိုးဆိုပြီး မရမက ပေါ်တင်တောင်းပါတယ်။ မပေးရင် အမျိုးမျိုး ရစ်ပါတယ်။ ရတဲ့ပိုက်ဆံတွေကို ထောင်ပိုင်နဲ့ ဝေစားမျှစား လုပ်ပါတယ်။ ထောင်ပိုင်က သိလျှက်နဲ့ သူလည်း စားနေရလို့ လွှတ်ထားပေးပါတယ်။ ရခိုင်မလို့ခေါ်တဲ့ တစ်ပွင့်နဲ့ ပွင့်ဖြူဝင်း ဆိုတဲ့ ထောင်ဝန်ထမ်းက နိုင်ကျဉ်းမိသားစုတွေဆီက အထဲက သူတို့သားသမီးတွေ မမှာပါဘဲ မှာတယ်ပြောပြီး ပစ္စည်းမျိုးစုံ လိမ်ယူနေပါ တယ်။ သုံးပွင့်နဲ့ ဖြိုးဝင့်ဆွေ ဆိုတဲ့ ထောင်ဝန်ထမ်းဆိုလည်း အထဲမှာ နေရာရောင်းစားပြီး ရသမျှကို ထောင်ပိုင်နဲ့ ပေါင်းစားပါတယ်။ အကျဉ်းသူတွေဆီက အပ်ငွေတွေကိုလိမ်ပြီး ထွက်ပြေးတဲ့ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ တနင်္လာနေ့ ပုံစံထိုင်ရတဲ့ရက်ဆို ထောင်ပိုင်လာရင် ဘာတင်ပြစရာရှိလဲ မေးပါတယ်။ တကယ်တင်ပြတဲ့အခါ တင်ပြတဲ့သူရဲ့အခက်အခဲကို ဘာမှမဖြေရှင်းပေးဘဲ တင်ပြတဲ့သူကို အငြိုးထားတာ၊ ထောင်ပြောင်းတာ၊ အာဏာပြတာ စတဲ့ စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်မှုမျိုးစုံ လုပ်ပါတယ်။

(နိုင်ငံခြားရောက် ကျိုက်မရောအကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ကျဉ်းတစ်ဦး)