Home သတင်း ကျိုက်ထို စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

ကျိုက်ထို စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

893

မတ်လ ၃၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေး ဂိတ်စခန်းကို ယမန်နေ့ မတ်လ(၂၉)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းပြည်သူ့ ကာကွယ် ရေးတပ်−(ခမ်း ဒေါမ်)(PPDF-KD)က ယနေ့သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်စခန်းတွင် တပ်အင်အားတိုးချဲ့မှုများနှင့် ပြည်သူများကို ဖိနှိပ်မှုများပြုလုပ်လျက်ရှိနေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ် ရေးတပ်−(ခမ်း ဒေါမ်) PPDF-KD ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်−(ခမ်း ဒေါမ်)၏ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။

“အဲ့ဒီစကစဂိတ်က ပြည်သူတွေကို ဖိနှိပ်မှုတွေလုပ်ပါတယ်။ နောက်ပြီးတော့ အဲ့ဒီနေ့မှာ တပ် အင်အားလည်းတိုး ချထားတယ်လို့ သတင်းရလို့ပါ။ ကျနော်တို့ဒရုန်းနဲ့ချတော့ ပွဲချင်းပြီး ၂ ဦးနဲ့ နောက်ထပ် ၄ ဦးသေတယ်လို့ သတင်းရ ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးဂိတ်စခန်းကို တိုက်ခိုက်ပြီး တစ်ပြိုင်နက် နေ့လည် ၃ နာရီခွဲအချိန်တွင်လည်း အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းအနီးရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းတစ်ခုကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု PPDF-KD၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများကို တော်လှန်ရေးအင်အားစုဘက်က လူမှုစာမျက်နှာများပေါ်တွင် အသီးသီးထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

ထိုသို့ တပ်ဂိတ်စခန်းနှင့်စစ်ဆေးရေးဂိတ်နှစ်ခုသည် ဒရုန်းဖြင့် ဗုံးသီးကြဲချခံရမှုကြောင့် စစ်ကောင်စီ ဘက်မှဝင်းကလော စသည့်နေရာများမှ အနီးအနားကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ပအိုဝ်းပြည်သူ့ကာကွယ် ရေးတပ်−(ခမ်း ဒေါမ်)ရဲဘော်က ဆက်ပြောသည်။

သူက “တိုက်ခိုက်မှုပြီးတော့ ညနေပိုင်းမှာ သူတို့ဘက်က အနီးအနားကျေးရွာထဲကို လက်နက်ကြီး တွေနဲ့ပစ်တာရှိပါတယ်။ ဝင်းကလော၊ ကင်းမွန်ချောင်း၊ လက်ပံပင်ဘက်က ပစ်တာပါ။ ထိခိုက်မှုတွေကတော့ စုံစမ်းနေဆဲပါ”ဟု ၎င်းက ပြောသည်။

ထို့အတူ ကျိုက်ထိုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂)၊ ခြေမြန်တပ်ရင်း(ခမရ-၂)၊ အမြောက် တပ်ရင်း(အမတ-၆၀၂)နှင့်(အမတ-၃၁၀)တပ်ရင်းများသည် KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇီးပြောင်းကျေးနယ် ၊ ဝင်းကံ ကျေးနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာကျေးနယ်၊ အလူးကျေးနယ်၊ ငှက်ပျောတောကျေးနယ် နှင့် ဝင်းကလောကျေးနယ်များတွင် ကျရောက်ပေါက်ကွဲမှုများရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများနှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုများရှိလာကြောင်း KNU ဒူးသထူခရိုင်၏ မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။