Home ဆောင်းပါး သွေးစည်းကြဖို့ အချိန်တန်ပြီ မဟုတ်လား

သွေးစည်းကြဖို့ အချိန်တန်ပြီ မဟုတ်လား

986

သွေးစည်းကြဖို့ အချိန်တန်ပြီ မဟုတ်လား

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်)

(၂၆-၁-၂၀၂၃)ရက်စွဲနဲ့ မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၁၅/၂၀၂၃)ကို တစ်ချက်လွှတ်အမိန့်နဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီ (အသစ်ပြဋ္ဌာန်းလိုက်တဲ့) ဥပဒေဆိုတာထဲက ပုဒ်မ ၂၅မှာ တည်ဆဲနိုင်ငံရေးပါတီအနေနဲ့ ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆၀အတွင်း မှတ်ပုံ တင်ခွင့် ပြန်လည်လျှောက်ထားရမယ်၊ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တယ်လို့ ပါရှိတယ်။

ဒီဥပဒေပုဒ်မက တစ်ဖက်မှာ ဖိနှိပ်ကန့်သတ်ချက်တွေ ထပ်မံဖြည့်စွက်ထားတဲ့ ဘောင်ထဲကို တည်ရှိဆဲနိုင်ငံရေးပါတီများကို အကြပ်ကိုင်ပြီး ဆွဲသွင်းတာ ဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပစ်လိုက်တာဖြစ်ပါတယ်။ ဒီပုဒ်မက ဗိုလ်သန်းရွှေ ပြဋ္ဌာန်းခဲ့တဲ့ (နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀) ထဲက စကားလုံးရော အနှစ်သာရရော အတူတူပါပဲ။ အဲဒီတုန်းက ဒီချုပ်ပါတီ (NLD) က ပြန်ပြီး မှတ်ပုံတင်ခဲ့ရ တယ်။ ဒီဖြစ်ရပ်ကို ဒီချုပ်ပါတီက ပါတီဝင်စာရေးဆရာတွေက ‘တစ်သက်မှာ – နှစ်ဘဝ’ လို့ ရေးသားလေ့ရှိပါတယ်။

ဒီတစ်ကွေ့မှာတော့ ဒီချုပ်ပါတီက “ပြန်လည်မှတ်ပုံမတင်ဘူး သို့မဟုတ် ပြန်လည်မှတ်ပုံတင်မယ်” ဆိုတာကို စကားလုံးအတိအကျနဲ့ ထုတ်ပြန်ကြေညာ ခြင်း မပြုသော်လည်း (၂၉-၁-၂၀၂၃) ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၂၃) ထဲက အချက်အမှတ်(၉) မှာ “တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသော စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှု မရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာ ဆန့်ကျင် ကန့်ကွက်နေမည်ဖြစ်သည်။ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော် ပုန်ကန်မှုကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည် ဖြစ်သည်”လို့ ဖော်ပြပါရှိပါတယ်။

ဒီအချက်က “ပြန်လည် မှတ်ပုံမတင်တော့ဘူး” ဆိုတာကို ကောက်ပင်ရိတ်လှီး စကားမျိုးနဲ့ ပြောလိုက်တာလို့ ထင်မြင်ယူဆရပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် “အားပေးကူညီသူများအဖြစ် သတ်မှတ်မည်” ဆိုတဲ့ အသုံးအ နှုန်းကလည်း အင်မတန် ပျော့ပြောင်းပါတယ်။ “အလိုတူ အလိုပါ – ကြံရာပါတွေ”လို့ ပြင်းပြင်းထန်ထန် သုံးမထားပါဘူး။ ဦးကိုကိုကြီးကတော့ အနာပေါ် သွားကြား ထိုးတံကလေး ကျသွားတာကို အော်ကြီးဟစ်ကျယ် လုပ်နေပါတယ်။ လူမျိုးစုပါတီတွေကတော့ ပြန်လည်မှတ်ပုံတင်ကြတဲ့ကိစ္စကို သူတို့အကြောင်းနဲ့ သူတို့မို့ထင် ပါရဲ့ အသံသိပ်မထွက်ဝံ့ကြဘူး။

“တစ်သက်မှာ – သုံးဘဝတော့ အဖြစ်မခံနိုင်ဘူး” ဆိုတဲ့ ဒီချုပ်ပါတီဘက်က သဘောထားမျိုးကတော့ အခြေခံအားဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြရမှာ ပါ။ “သုံးဘဝ” ဆိုရင်တော့ “သုံးမရ” ဖြစ်သွားမှာ သိပ်ကို သေချာပါတယ်။

ပြီးခဲ့တဲ့ (၈-၃-၂၀၂၃) ရက်နေ့အထိ ဆက်လက် တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီနဲ့ အသစ်တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ စုစုပေါင်း (၁၉) ပါတီ ရှိပါတယ်။ အဲဒီအထဲမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာပဲ ရပ်တည်လှုပ်ရှားမယ့် နိုင်ငံရေးပါတီက (၁၄) ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး ရပ်တည်လှုပ်ရှားမယ့်ပါတီက (၅) ပါတီရှိတယ် လို့သိရပါတယ်။ အဲဒီစာရင်းထဲမှာ တိုင်းရင်းသားလူမျိုးစုနာမည် တိုင်းရင်းသားအမည် (ကရင်၊ ကချင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ လီဆူ)နဲ့ မှတ်ပုံတင်လျှောက်ထားလာတဲ့ နိုင်ငံရေးပါတီ (၈)ပါတီ ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ နောက်ထပ် ဘယ်ပါတီတွေထပ်ပြီး မှတ်ပုံ တင်ကြအုံးမှာလည်းတော့ အတိအကျ မသိနိုင်သေးပါဘူး။ ပုဒ်မ ၂၅ အရ “ရက်ပေါင်း ၆၀အတွင်း”လို့ ဆိုထားလေတော့ နောက်ထပ် ရက်သတ္တပတ် ၂ပတ်လောက် ကျန်ရှိနေပါသေးတယ်။

အထက်မှာ တင်ပြခဲ့သလို တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ကြတဲ့ နိုင်ငံရေးပါတီ ၈ပါတီတွေထဲမှာ ကရင်ပါတီဆိုတာ (ဖလုံ – စဝေါ်ဒီမိုကရက်တစ်ပါတီ) ကို ပြောတာပါ။ ကချင်ပါတီကလည်း စခုန်တိန့်ယိန်းရဲ့ “ဒီမိုကရေစီပါတီသစ် (ကချင်)” နဲ့ “ကချင်ပြည်နယ်ပြည်သူ့ပါတီ” တို့ကို ဆိုလိုတာပါ။ ပအိုဝ်းပါတီက တော့ အောင်ခမ်းထီတို့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)” ဖြစ်ပါတယ်။ ရခိုင်ပါတီကတော့ ဒေါက်တာအေးမောင်ရဲ့ “ရခိုင့်ဦးဆောင် ပါတီ (Arakan Front Party – AFP)” ဖြစ်ပါတယ်။ ရှမ်းပါတီကတော့ ဆင်တူရိုးမှား ပုံဖမ်းထားတဲ့ “ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဖြစ်ပြီး ရှမ်းနီ ပါတီကတော့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ်ပါတယ်။ လီဆူပါတီကတော့ “လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)” ဖြစ်ပါတယ်။

ဒီစာရင်းကို ဖျတ်ခနဲကြည့်ပြီး “ကရင်၊ ကချင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ လီဆူ” စတဲ့ လူမျိုးစုတွေဟာ အကြမ်းဖက်သမား(စကစ) စစ်အုပ်စုနဲ့ ပူးပေါင်း ဆောင်ရွက်နေကြတယ်လို့ သိမ်းကျုံးကောက်ချက်ချလို့ ဖြစ်နိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း တစ်ဖက်သတ်ကျတဲ့၊ ကျဉ်းမြောင်းတဲ့ လူမျိုးစုအ မြင်ကိုသာ စွဲကိုင်ထားတယ်ဆိုရင်တော့ မျက်မွှေးတစ်ထောက်သာ ကွက်ပြီး၊ ကြည့်ပြီး အဲဒီလိုပဲ မလွဲမသွေ ကောက်ချက်ချကြပါလိမ့်မယ်။ ဒီလိုကြည့်မြင်တာ၊ ဒီလို သိမ်းကျုံး ကောက်ချက်ချတာမျိုးဟာ လုံးလုံးလျားလျား မှားယွင်းပါတယ်။

မှတ်ပုံတင်လျှောက်ထားကြတဲ့ “ကရင်၊ ကချင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ လီဆူ” စတဲ့ ပါတီတွေဟာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စား မပြုပါဘူး။ ကိုယ်စားပြုနိုင်စွမ်းလည်း မရှိပါဘူး။ သမိုင်းအစဉ်အလာလည်း မရှိပါဘူး။ အကြမ်းဖက်(စကစ) စစ်အုပ်စုအတွက် ယာယီ အသုံးတော်ခံဖို့၊ လူမျိုးစုချင်း လှည့်စားရန်တိုက်ပေးရေးမှာ အသုံးချခံဖို့သက်သက်သာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ (ဖဆပလ) အုပ်စိုးသူတွေခေတ်မှာရှိသလို ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းထားခဲ့တဲ့ ၁၉၆၂ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ ကာလမှာ လည်း ရှိပါတယ်။ ၁၉၈၈ခုနှစ်ကနေ အကြမ်းဖက်(စကစ) အုပ်စိုးနေတဲ့ ယနေ့ကာလမှာလည်း အဲဒီလို လူစားတွေပါတီတွေကို အထင်အရှား မြင်နိုင် တွေ့နိုင်ပါ တယ်။ နိုင်ငံရေးပါတီထဲမှာသာမကဘဲ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာ အုပ်စိုးသူကို အလုပ်အကျွေးပြုနေတဲ့ “လူမျိုးစု”တွေဟာ ရှိပါ တယ်။ ဆိုလိုချင်တာ ခေတ်တိုင်းမှာရှိတယ်လို့ ပြောချင်တာပါ။ သူတို့တတွေ အကြမ်းဖက်(စကစ) စစ်အုပ်စုကို အလုပ်အကျွေးပြုနေတာ၊ အသုံးတော်ခံနေတာကို မြင်တာနဲ့ သူတို့လူမျိုးစုတွေအားလုံးကို သိမ်းကြုံးပြီး အကြမ်းဖက်(စကစ)စစ်အုပ်စုရဲ့ မိုက်ဖော်ဆိုးဖက်တွေလို ကောက်ချက်ချလို့ မဖြစ်ပါဘူး။ “ခြေမ – မကောင်း ခြေမ၊ လက်မ – မကောင်းလက်မ” ဆိုတာလို ခွဲခြား ကြည့်မြင်တတ်ဖို့ပါ။

ဆိုလိုချင်တာက ကရင်အမျိုးသားဝတ်စုံထားတဲ့ “မန်းငြိမ်းမောင်”ကို မြင်တာနဲ့ “ကရင်အားလုံး”လို့ ကောက်ချက်ချလို့ မဖြစ်ပါဘူး။ ထို့အတူ ပုဝါနှစ်စ အသာချထားတဲ့ “ဒေါ်အေးနုစိန်”ကို မြင်တာနဲ့ “ရခိုင်အားလုံး” လို့ကောက်ချက်ချလို့ မဖြစ်ပါဘူး။ ဒါ့အပြင် “ဒေါ်ဒွဲဘူ” ကို မြင်လိုက်တာနဲ့ “ကချင်အားလုံး” လို့ ကောက်ချက်ချလို့ မဖြစ်ပါဘူး။ အလားတူပါပဲ “စိုင်းအိုက်ပေါင်း” ကိုမြင်တာနဲ့ “ရှမ်းတွေအားလုံး”လို့ ကောက်ချက်ချလို့ မဖြစ်ပါဘူး။ အဲဒီလိုကောက်ချက်ချမှုမျိုး ဟာတွေဟာ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်နဲ့ကြည့်မြင်တဲ့ အကဲဖြတ် သုံးသပ်ချက်မျိုးတွေသာ ဖြစ်နေပါလိမ့်မယ်။ “အဓိက ဘုံရန်သူ – အကြမ်းဖက်(စကစ) စစ်အုပ်စု” ဆိုတဲ့အချက်ကို ဝေဝါးသွားစေပြီး မိမိတို့ အဖိနှိပ်ခံတွေအချင်းချင်း အမုန်းရန်စ ပွားများစေမှာသာ ဖြစ်ပါတယ်။

လူမျိုးကြီးဝါဒီ အကြမ်းဖက်သမား (စကစ)စစ်အုပ်စုဟာ လူမျိုးစုတစ်ခုထဲမှာရော၊ လူမျိုးစုတစ်ခုနဲ့တစ်ခုအကြားမှာရော၊ ဗမာလူမျိုးအများစုတွေနဲ့ ကျန်တိုင်းရင်းသားလူမျိုးစုတွေအကြားမှာပါ ပုံစံမျိုးစုံနဲ့ သွေးခွဲရန်တိုက်ပေးနေတာ ဖြစ်တယ်ဆိုတာကို ပြတ်ပြတ်ရှင်းရှင်း မြင်ကြဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား (စကစ)စစ်အုပ်စုဟာ သူ့ရှေ့က ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်လိုပါပဲ။ သူတို့ အုပ်စိုးမှု တည်တံ့ခိုင်မြဲရေးအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်လူမျိုးစုခေါင်းဆောင်ကို၊ ဘယ်လူမျိုးစုအဖွဲ့အစည်းကိုမဆို ခါးပိုက်ဆောင်ထားမှာပါ။ မွေးမြူထားမှာပါ။ ‘ပစား’ ပေးထားမှာပါ။ မြှောက် ပင့်ထားမှာပါ။ မလိုအပ်တော့တဲ့အခါ စွန့်ပယ်လိုက်မှာပါ။

လူမျိုးစုခေါင်းဆောင်တချို့က “အုပ်စိုးသူနဲ့ သင့်မြတ်နိုင်ရင် ငါတို့လူမျိုးစုတွေအတွက် အကျိုးအမြတ်ရနိုင်ကောင်းရဲ့” ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုး ဟိုးယခင် ခေတ်ကလည်း ရှိခဲ့သလို ယနေ့ခေတ်မှာလည်း သူ့အတိုင်းအတာနဲ့သူ ရှိနေတာကို တွေ့ မြင်ကြားသိနေရပါတယ်။

လူမျိုးစုခေါင်းဆောင်ဆိုသူတချို့သာ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ မိသားစုဆွေမျိုးအလိုက် ကြီးပွားချမ်းသာသွားတာမျိုးတော့ ဖြစ်ချင်ဖြစ်မှာပါ။ အဲဒီလို လူတစ်ဦးချင်း၊ မိသားစုတစ်စု၊ ဆွေမျိုးတစ်သိုက် ထားစရာမရှိအောင် ချမ်းသာကြွယ်ဝလာတာကိုကြည့်ပြီး “သက်ဆိုင်ရာ လူမျိုးစု အားလုံး အခွင့်အရေးတွေ ရနေ ပြီ၊ ချမ်းသာနေကြပြီ၊ အေးချမ်းနေကြပြီ” လို့တော့ ဦးနှောက်ပုံမှန်ရှိတဲ့သူတိုင်းက မမြင်ကြပါဘူး။ ၁၉၄၈ – ၁၉၄၉ ခုနှစ်က စလို့ ဒီနေ့အထိ ဘယ်တိုင်းရင်းသား လူမျိုးစုမှ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရခဲ့ဖူးပါဘူး။ ဒါဟာ အင်မတန် သိသာမြင်သာတဲ့အချက်ပါ။ ဒီလို ထင်ရှားတဲ့အချက်ကို ဘယ်သူမှ မျက်ကွယ်ပြု လျစ်လျူရှုမထားသင့်ပါဘူး။

(ဖဆပလ)အုပ်စိုးသူနဲ့ ပေါင်းသင်းခဲ့တဲ့ လူမျိုးစုတွေ၊ တော်လှန်ရေးကောင်စီနဲ့ ပေါင်းသင်းသွားတဲ့လူမျိုးစုတွေ၊ (နဝတ-နအဖ)နဲ့ သင့်မြတ်သွားကြတဲ့ လူမျိုးစုတွေ ယခု အကြမ်းဖက်(စကစ)စစ်အုပ်စုနဲ့ ပေါင်းဖက်နေတဲ့ လူမျိုးစုဆိုသူတွေဟာ သူတို့အတ္တ၊ ကိုယ်ကျိုးစီးပွားအတွက် မိမိလူမျိူးစုအကျိုးကို ခုတုံးလုပ် အသုံးချနေကြသူတွေသာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လူမျိုးစုတွေအနေနဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုနဲ့ မပူးပေါင်း၊ မဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့ လူမျိုးစုတစ်ခုထဲအတွင်းမှာ သွေးစည်းညီညွတ်ဖို့ လိုအပ်သလို မိမိနဲ့ဘဝတူ အခြားလူမျိုးစုတွေနဲ့လည်း သွေးစည်းညီညွတ်ဖို့ လိုအပ်ပါတယ်။ ထို့အပြင် အဖိနှိပ်ခံလူများစုကြီးဖြစ်တဲ့ ဗမာလူ မျိုးစုတွေနဲ့လည်း သွေးစည်းညီညွတ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ အဲဒီလို အထပ်ထပ်သော သွေးစည်းညီညွတ်မှုမျိုးနဲ့သာ အကြမ်းဖက်(စကစ)စစ်အုပ်စုကို အကုန် အစင် တိုက်ဖျက်ပစ်နိုင်ပါလိမ့်မယ်။

အဲဒီအတွက် ကိုင်စွဲကြရမယ့် အလံကတော့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ရေးအလံတော်ပဲ ဖြစ်ပါတယ်။ ဒီအလံတော်ကို မစွဲ ကိုင်၊ မလွှင့်ထူနိုင်သေးသရွေ့တော့ ဘုံရန်သူကို အနိုင်တိုက်ရေးဟာ အချိန်ကြာမြင့်နေပါလိမ့်အုံးမယ်။ အချင်းချင်းအကြား သွေးကွဲမှုဇာတ်လမ်းတွေကလည်း ဇာတ်ဆောင်အမျိုးမျိုး၊ ဇာတ်ကွက်အမျိုးမျိုး၊ ဇာတ်ညွှန်းအမျိုးမျိုးနဲ့ မရပ်မနား ပေါ်ပေါက်ဖြစ်ပွားနေပါလိမ့်အုံးမယ်။