မတ်လ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီး ယမန်နေ့ မတ်လ(၂၉) ရက်နေ့နံနက် တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရစဥ် ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်များက ရမ်းသမ်း ပစ်ခတ်သဖြင့် အရပ်သားပြည်သူ(၂)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။
ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ဘက်မှ တက်လာသော မော်တော်ယာဥ်(၂၃)စီးပါ စစ်ကောင်စီ ယာဥ်တန်းအနက် နောက်ကျန်နေသော ယာဥ်(၆)စီးအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA တပ်ရင်း(၃)နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ရမ်းသမ်း၍ တုန့်ပြန်ပစ်ခတ်သဖြင့် ဒေသခံ(၂)ဦး ကျည်ထိမှန်သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ဖြစ်တာကတော့ အလူးကျေးရွာအဝင်အထွက်နားမှာပါ။ စစ်ကောင်စီဘက်က ဘယ်နှစ် ယောက်ကျသလဲတော့ သေချာမသိရဘူး။ ကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်တော့ မရှိ ပေမယ့် စစ်ကောင်စီရဲ့ယာဥ်တန်းပေါ်ကနေ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သား(၂)ဦး သေဆုံးသွားတယ်။” ဟု မတ်လ(၃၀)ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် နောက်ပြန်ဆင်း လာပြီး ဘီးလင်းတာယာစက်ရုံကို မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ကေအဲန်ယူ-တပ်မဟာ(၁)မှ တာဝန်ရှိသူနှင့် အဆက်အသွယ်ရရှိနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနက ကြိုးပမ်းလုပ်ဆောင်နေဆဲဖြစ်သည်။
လက်ရှိ အဆိုပါ ကျေးရွာအနီးအနားတစ်ဝိုက်ရှိ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာနေထိုင် နေရပြီး စစ်ကောင်စီတပ်များ၏ ညရောမနက်ပါ ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ စစ်ဆေးခြင်း များရှိသလို ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များ ပစ်ခတ်တိုက်ခိုက်သဖြင့် လူထု၏နေ့စဥ် ရပ်တည်ရေးဘဝ ထိခိုက်ယိုယွင်းလာကြောင်း ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့်မတ်လ(၂၇)ရက်နေ့တွင်လည်း သထုံမြို့နယ်အတွင်း တပ်စွဲထားသည့် စစ် ကောင်စီ၏ အမြှောက်တပ်ရင်း(၄၀၁)မှ လက်နက်ကြီး(၂၄)လုံး ပစ်ခတ်တိုက်ခိုက်သဖြင့် ဆူးအင်း ကျေးရွာ၊ ကျုံမိန်ကျေးရွာအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနား ကျေးရွာများရှိ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။



















