Home သတင်း မြန်မာစစ်ဗိုလ်ချုပ်များ၏ ကျူးလွန်မှုများအပေါ် Fortify Rights နှင့် မြန်မာနိုင်ငံသားများပါဝင်သည့် တိုင်ကြားမှု KHRG ကြိုဆိုထောက်ခံ

မြန်မာစစ်ဗိုလ်ချုပ်များ၏ ကျူးလွန်မှုများအပေါ် Fortify Rights နှင့် မြန်မာနိုင်ငံသားများပါဝင်သည့် တိုင်ကြားမှု KHRG ကြိုဆိုထောက်ခံ

780

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်တပ်မှ စစ်ဗိုလ်ချုပ်များ၏ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုး နွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် တိုင်ကြားစာကို Fortify Rights နှင့် မြန်မာနိုင်ငံသား ၁၆ ဦးပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ ဂျာမနီနိုင်ငံတွင် တင်သွင်းလိုက်သည့်အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ထောက်ခံကြိုဆိုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ဂျာမနီနိုင်ငံကို တင်သွင်းသော Fortify Rights နှင့် မြန်မာနိုင်ငံသား ၁၆ ဦးပါဝင်သည့် အဆိုပါ တိုင်ကြားစာတွင် ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်သော ရာဇဝတ်မှုများပါ ပါဝင်၍ စစ်ဗိုလ်ချုပ် များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အဆုံးသတ်ရေးအတွက် မျှော်လင့်ပြီး ကြိုဆိုထောက်ခံခြင်း ဖြစ်ကြောင်း KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

၎င်းက “သူတို့ရဲ့ ပြစ်မှုတွေအတွက် တခါမှ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ဖူးဘူး။ ထိခိုက် နစ်နာတဲ့ တစ်ယောက်ချင်းစီတိုင်းလည်း တရားမျှတမှုက မရရှိခဲ့ဖူးဘူး။ ဒါကြောင့် ဒီတရားစွဲဆိုရေးကိစ္စမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်ဖို့နဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက် ထိခိုက်နစ်နာ သူတိုင်းအတွက် တရားမျှတမှုရရှိနိုင်ဖို့အတွက် မျှော်လင့်ချက်နဲ့ ကြိုဆိုရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ဂျာမနီနိုင်ငံသို့ တင်သွင်းသည့် တိုင်ကြားစာတွင်လည်း မြန်မာစစ်တပ်မှ ကျူးလွန် သော စစ်ရာဇဝတ်မှုဆိုင်ရာ သက်သေခံအထောက်အထားများကို တင်ပြရာတွင်လည်း ပူးပေါင်းပံ့ပိုးဆောင်ရွက်ရန်အတွက် KHRG အနေဖြင့် သဘောတူခဲ့ကြောင်းလည်း ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ဘက်ကနေ တရားစွဲဆိုမှုတွေ စတင်လုပ်ဆောင်လာနိုင်ခဲ့ရင်တော့ ပြစ်မှုကျူးလွန် တဲ့သူတွေကို အနည်းဆုံးတော့ တာဝန်ယူမှု တာဝန်ခံမှုအတွက် အရေးယူဆောင်ရွက်မှု ရှိလာမယ်လို့တော့ မျှော်လင့်နိုင်တယ်။ ဒီလိုမျိုးလုပ်ရပ်ကနေ နောင်အနာဂတ်မှာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ကနေ လျော့နည်းလာတဲ့ အဆင့်ကနေအဆုံးသတ်ဖို့ အဆင့်အထိ ရှိလာဖို့ မျှော်လင့်ထားတာပေါ့” ဟု စောနန္ဒဆူးက ဆက်ပြောသည်။

Fortify Rights ၏ တိုင်ကြားစာတွင် ပါဝင်သော မြန်မာနိုင်ငံသား ၁၆ ဦးတွင် တိုင်းရင်း သားလူမျိုးအသီးသီးဖြစ်သော အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁၀ ဦးပါဝင်ပြီး ကရင်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ၏ ရာဇဝတ်မှုများမှ လွတ်မြောက်လာခဲ့သူများနှင့် မျက်မြင်သက်သေများလည်း ပါဝင် ကြောင်း ဆက်လက်ဖော်ပြပါရှိသည်။

အဆိုပါ တိုင်ကြားသူများထဲမှ ကရင်လူမျိုးတစ်ဦးက “နိုင်ငံတကာ အဖွဲ့အစည်းနဲ့ အတူ တကွ ပူးပေါင်းပြီး ကူညီပံ့ပိုးပေးထားတဲ့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုကနေ စစ်ကောင် စီကို အရေးယူလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ တရားမျှတမှုရှိစွာ ဆောင်ရွက်မယ် လို့လည်း မျှော်လင့်မိပါတယ်” ဟု KHRG ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ထိုတိုင်ကြားစာထဲတွင် သက်သေအထောက်အထားများအရ အစုအလိုက် အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော စစ်ဗိုလ်ချုပ်များနှင့် အခြားသူများကို စုံစမ်းစစ်ဆေးအမှုဖွင့်ပေးရန် ဂျာမနီအစိုးရ ရှေ့နေ များကို တောင်းဆိုထားပြီး အခြားကျူးလွန်သည်ဟု ဖော်ပြခြင်းမခံရသည့် သံသယ ရှိသူများကိုပါ စုံစမ်းဖော်ထုတ်ပေးသွားရန်လည်း တောင်းဆိုထားသည်။

အလားတူ ဂျာမနီနိုင်ငံအပြင် မြန်မာစစ်တပ်အပေါ် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ဖြင့် အာဂျင်တီးနားနှင့် တူရကီ နိုင်ငံများတွင်လည်း အခြားအမှုနှစ်ခုဖွင့် ထားသေးပြီး နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေအပေါ်အခြေခံပြီး လုပ်ဆောင်နိုင်သည့် တရားစွဲ ဆိုမှု အတိုင်း အတာလည်းကွဲပြားနေပြီး ဂျာမနီနိုင်ငံသည် တရားစွဲဆိုနိုင်မှု အားအကောင်းဆုံးနိုင်ငံဖြစ် ကြောင်းလည်း KHRG က ဆိုသည်။

Fortify Rights အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က “ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့အတွက် အထူးအခြေ အနေတစ်ခုမှာ ရှိနေတယ်။ ဆိုးရွားတဲ့ ချိုးဖောက်မှုကျူးလွန်ခဲ့တဲ့သူတွေကို ဂျာမနီ နိုင်ငံမှာဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် တာဝန်ယူမှုရှိစေဖို့အတွက် စုံစမ်းစစ်ဆေးမှု တစ်ခုက အာမခံချက်ပေးမှာဖြစ်ပါတယ်” ဟု KHRG၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

လက်ရှိ တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဂျာမနီနိုင်ငံ၏ ဖက်ဒရယ် အစိုးရ ရှေ့နေများ အနေဖြင့် လက်ခံပြီး ရုံးတင်စစ်ဆေးမှု လုပ်ဆောင်ရန်အတွက် အားပေးထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် KHRG အနေဖြင့်လည်း ဆက်လက်တောင်းဆိုထားသည်။

အလားတူ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံမှ ရိုဟင်ဂျာ လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) နှင့် နိုင်ငံတကာ တရားရုံး (ICJ)တို့တွင် တရားစွဲဆိုထားမှုများလည်း ရှိသည်။