Home တွေ့ဆုံမေးမြန်းခန်း NUG တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးနှင့် ဆက်သွယ်မေးမြန်းချက်

NUG တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးနှင့် ဆက်သွယ်မေးမြန်းချက်

1750

NUG တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးနှင့် ဆက်သွယ်မေးမြန်းချက်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

“ဒီထက်မကပိုပြီးတော့ စစ်အရှိန်က ပိုပြီးတော့တိုးမြှင့်ဖို့ပဲရှိတယ်။ ဒီထက်တော့ လျော့ဖို့မရှိဘူး။ အထူးသဖြင့် စစ်မျက်နှာကို တိုးချဲ့ဖို့ပဲ ရှိတော့တယ်။” အမှတ်(၃) ဒု-စစ်ဒေသမှူး စောရှား

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် အာဏာသိမ်းစစ်တပ်အား နိုင်ငံအနှံ့ လက်နက်စွဲကိုင်ခုခံတော်လှန်မှုများမှာ ပိုမို အားကောင်းလာနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုလည်း လက်နက်တပ်ဆင်မှုပေးနိုင်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သည်ကို တွေ့ရှိရသည်။

စစ်အာဏာသိမ်းမှုမှ ဖေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း တောင်ပိုင်းစစ်ဒေသရှိ စစ်ကြောင်းများကို လက်နက်တပ်ဆင်ပေးနိုင်မှုများ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လာနိုင်ပြီဟု ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်ပိုင်းတိုင်း စစ်ဒေသကို တရားဝင် လက်နက်တပ်ဆင်မှုစတင်ပြုလုပ်လာခဲ့ပြီး အဆိုပါ လက်နက်တပ်ဆင်ပေးမှုအခြေအနေအပြင် ယခုနှစ် စစ်ရေးအရှိန်တိုးမြှင့်နိုင်မှု အခြေအနေများနှင့်ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူး စောရှားနှင့် ဆက်သွယ်မေးမြန်းထားသည်။

—–

မေး- တောင်ပိုင်းမှာ လက်နက်တပ်ဆင်ပေးတာတွေ့ရတယ်။ ဘယ်လောက်တပ်ဆင်နိုင်ပြီးလဲ။ ရှေ့ဆက် ပြီးတော့ရော လက်နက်တပ်ဆင်ပေးတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအစီအစဉ်တွေဆွဲထားလဲ။
လတ်တလောကတော့ ကျနော်တို့ တပ်ဆင်မှုအပိုင်းကတော့ တောင်ပိုင်းတစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင် မှန်းထားတာကတော့ (၅၀)ရာခိုင်နှုန်းပြည့်မှီအောင်တော့ တပ်ဆင်နေတာပေါ့။ ဖြစ်ချင်တာကတော့ ရာခိုင်နှုန်းပြည့်အောင် ကြိုးစားဆောင်ရွက်နေတာပေါ့။ လတ်တလောကတော့ အရင်ဦးဆုံး (၅၀)ရာခိုင်နှုန်းတပ်ဆင်နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်။ စစ်ကြောင်းတွေအားလုံး ပြည့်အောင်တော့ ဖြည့်ဆည်းချင်တာပေါ့။ လတ်တလောမှာ မဖြစ်နိုင်သည့်တိုင်အောင် စနစ်တကျ မွမ်းမံသင်ကြားပေးတဲ့ ရဲဘော်တွေကို တစ်စုတစ်ဖွဲ့ တစ်စုတစ်ဖွဲ့နဲ့ ရှေ့တန်း ထုတ်လို့ရတဲ့ အဆင်ပြေလောက်တဲ့ထိတော့ (၅၀)ရာခိုင်နှုန်းပြည့်မှီအောင် ကြိုးစားဆောင်ရွက် တပ်ဆင်ပေးနေတယ်။ အခုလောလောဆယ် (၅၀)ရာခိုင်နှုန်း တောင်မပြည့်မှီသေးဘူး။ ဆိုတော့ အမြန်ဆုံးပြည့်မှီအောင်တော့ကြိုးစားဆောင်ရွက်နေတာပေါ့။

မေး- တောင်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဖော်ဆောင်တာ တော်တော်များများတွေ့ရတာပေ့ါနော်။ တိုက်ပွဲတွေ ခပ်စိတ်စိတ်နေ့စဉ်ဖြစ်နေတဲ့အပေါ်မှာ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက်ပြောပေးလို့ရမလား။
ဒါကတော့ ဒီထက်မက ကျနော်တို့အရင်တုန်းကဆိုရင် ခုခံစစ်နဲ့သွားခဲ့တာပေါ့။ အခုဟာတော့ မဟာမိတ်တွေနဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့တွန်းလှန်စစ်ကို ခြေလှမ်းစလှမ်းနေတဲ့ အချိန်ဖြစ်တယ်။ ဒီထက်မကပိုပြီးတော့ စစ်အရှိန်က ပိုပြီးတော့တိုးမြှင့်ဖို့ပဲရှိတယ်။ ဒီထက်တော့ လျော့ဖို့မရှိဘူး။ အထူးသဖြင့် စစ်မျက်နှာကို တိုးချဲ့ဖို့ပဲ ရှိတော့တယ်။

မေး- အခု နွေဦးတော်လှန်ရေးက အမြင့်ဆုံးအနေအထားမှာ ရောက်နေတယ်လို့ ပြောလို့ရတယ်ပေါ့လေ။ တာဝန်ရှိသူတစ်ဦးအနေနဲ့ နွေဦးတော်လှန်ရေးကို ဘယ်လိုသုံးသပ်မိသလဲ။ နောက်ပြီး စကစရဲ့တုန့်ပြန်မှုကိုရော ဘယ်လိုသုံးသပ်မိလဲ။
စကစက ဘယ်လိုပဲတုန့်ပြန်တုန့်ပြန်လေ ကျနော်တို့နွေဦးတော်လှန်ရေးကာ နွေဦးတော်လှန်ရေးက နိုင်ကိုနိုင် ရမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့ စစ်မျက်နှာတွေ တိုးချဲ့သလို မဟာမိတ်တွေလည်းတိုးချဲ့တည်ဆောက်ထားတာ ရှိတယ်။ အထူးသဖြင့်ကျနော်တို့ လက်ရှိမဟာမိတ်အပါအဝင် တော်လှန်ရေးကြီးဟာ နွေဦးတော်လှန်ရေးကာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးနဲ့ တစ်နိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တညီတညွတ်ထဲ သွားဖို့လိုတယ်လေ။ တညီတညွတ်ထဲ သွားဖို့ လိုတဲ့အခါမှာ စစ်ရေးအရှိန်ကို ရှေ့ဆက်ပြီးတော့ ဖော်ဆောင်နေသလို ကျနော်တို့ မဟာမိတ် အင်အားစုတွေနဲ့ တိုးချဲ့ ဖွဲ့စည်းဖို့လိုတယ်။ တိုးချဲ့ချိတ်ဆက်ဖို့လိုတယ်။ ဒီလိုပုံစံနဲ့ကျနော်တို့ ဆက်လက်ဆောင် ရွက်နေတယ်။

မဟာမိတ်တွေတိုးချဲ့ဖွဲ့စည်းလာတဲ့တစ်ပြိုင်နက်ထဲမှာ ရန်သူအင်အားမတိုးအောင်လည်း ကျနော်တို့ ကြိုးစား ဆောင်ရွက်နေရတယ်။ အထူးသဖြင့် ကျနော်တို့မဟာမိတ်တွေက ပူးပေါင်းဆောင်ရွက်မှု အားနည်း နေတယ်ဆိုရင် ကျနော်တို့နဲ့ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်။ ကျနော်တို့အတွက်မကောင်းဘူး။ သွားတဲ့ပန်းတိုင်ရဖို့ ကျနော်တို့ တွေအနေနဲ့ အတတ်နိုင်ဆုံး အခက်အခဲဖြစ်လာနိုင်တယ်။ တည်ဆောက်တည်ဆောက်ရင်းနဲ့ စစ်မျက်နှာကို တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်။

မေး- အခု စကစရဲ့အခြေအနေကိုရော ဘယ်လိုသုံးသပ်လဲ။ ပြောချင်တာက မြေပြင်တိုက်ပွဲကို ဖော်တာနည်းသွားတာကို တွေ့တယ်။ ဒီဝေဟင်မှာက တော်တော်လေးအပြင်းအထန် နေရာတိုင်းလိုလိုမှာ လုပ်ဆောင်နေတယ်။ ဘယ်လိုသုံးသပ်မိလဲ။
သုံးသပ်တယ်ဆိုတာထက် သူတို့မှာရှိတဲ့လက်နက်အမျိုးမျိုးကိုထုတ်သုံးလာကြမှာပဲလေ။ အင်အား တော်တော်လျော့နည်း လာပြီးဆိုတာကိုတော့ ကျနော်တို့မြင်တွေ့နေရတယ်။ အထူးသဖြင့် သူတို့မြေပြင်မှာမထိုးနိုင်ဘူး။ အဲ့အခါကျတော့ သူတို့လေကြောင်းကို ပိုပြီးအသုံးပြုတာပေ့ါ။ လေကြောင်းအင်အားကိုပိုပြီးအသုံးပြုတယ်ဆိုပေမဲ့ မြေပြင်မှာတော့ ကျနော်တို့ထိန်းချုပ်တဲ့ အရာတွေကို ပြန်ပြီးထိန်းချုပ်ဖို့ဆိုတာ မလွယ်တဲ့အတွက် စကစ က ခံစစ်ကို အသားပေးပြီးတော့ ကြိုးစားဆောင်ရွက်နေတယ်။

ပြီးတော့ သွေးခွဲအုပ်ချုပ်မှုတွေနဲ့ ပြန်ပြီးကျင့်သုံးလာတာကိုတွေ့တယ်။ အခုဆိုရင် အထူးသဖြင့် ကျနော်တို့မဟာမိတ်တွေကို အနီးစပ်ဆုံးအခွင့်အရေးတွေ ဘာတွေပေးပြီးတော့ အချင်းချင်းဖြစ်လာနိုင်တဲ့ အချင်းချင်းပဋိပက္ခဖြစ်လာနိုင်တဲ့အရေးတွေကို ကျနော်တို့တွေ့နေရတယ်။ ကျနော်တို့က သတိကြီးကြီးနဲ့ ဆောင်ရွက် ရမှာဖြစ်တယ်။ ဒီတော်လှန်ရေးက တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့တော်လှန်ရေးလည်းဖြစ်တယ်။ ပြည်သူအားလုံး နဲ့ သက်ဆိုင်တဲ့ တော်လှန်ရေးလည်းဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ကျင့်သုံး သွေးခွဲအုပ်ချုပ်မှု သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်း ထဲမဝင်သွားအောင် သတိကြီးကြီးနဲ့ ကိုင်တွယ်ရမှာဖြစ်တယ်။ စကစ က သူတို့ကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ကျနော်တို့မဟာမိတ်အချင်းချင်း ပူးပေါင်းညီညွတ်မှုနဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ဒီအခက်အခဲက ကျော်လွှားနိုင် မယ်လို့ ယူဆပါတယ်။

မေး-အခုတစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုပေမဲ့ စကစက ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်း နေတာတွေ့ရတယ်။ စကစလုပ်မယ့် ရွေးကောက်ပွဲနဲ့ အခုပဋိပက္ခဖြစ်နေတဲ့ အနေအထားမှာ ဘယ်လို မြင်လဲ။
စကစလုပ်မယ့်အရေးက သူတို့နိုင်ငံရေးအတွက် ထွက်ပေါက်၊ ပြည်သူကလည်းယုံကြည်မှာမဟုတ်ဘူး။ ဒါမဲ့ သူလုပ်စရာရှိ တဲ့အလုပ်တော့ သူလုပ်စရာရှိရင် ဆက်လုပ်မယ်လို့တော့ ကျနော်တို့ယူဆတယ်လေ။ ဘယ်လိုပဲပြောပြော ခုနက ကျနော်ပြောခဲ့ပြီးပြီး။ သွေးခွဲအုပ်ချုပ်မှုတွေကို သူတောက်လျှောက်ကျင့်သုံး လာခဲ့တာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို လက်ခံတဲ့ လူတစ်စုလည်း ရှိကောင်းရှိမယ်။ များသောအားဖြင့် ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကတော့ လက်ခံမှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်ဘူး။ အဲ့တော့ သူလုပ်စရာရှိတဲ့ အလုပ်သူ လုပ်မယ်။ ကျနော် တို့ဘက်ခြမ်းကလည်း လုပ်စရာရှိတဲ့အလုပ်ကို ကျနော်တို့က တောက်လျှောက်ဆောင်ရွက်ရမှာပဲ။

အဓိက ကတော့ ကျနော်တို့က စနစ်တစ်ခုကို တိုက်တာဖြစ်တဲ့အတွက် အာဏာရှင်စနစ်ကို ကျနော်တို့မလိုလားဘူး။ ကျနော်တို့လိုချင်တာက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်။ ဒီလိုပဲ ကျနော်တို့နိုင်ငံက ပြည်သူလူ ထုတွေလည်း ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တဲ့အတွက် စကစက အတုအယောင် ရွေးကောက်ပွဲပေါ်မှာ ဘာမှတော့ သံသယဖြစ်မှာမဟုတ်ဘူး။ ပြည်သူလူထုအတွက် လည်းအကျိုးရှိမှာမဟုတ်ဘူး။ ဒါသူတို့ အာဏာတည်မြဲရေးအတွက် သူတို့ထွက်ပေါက်အနေနဲ့ ကြိုးစားရုန်းကန်နေရတာပဲလို့ မြင်တယ်။ အလားတူပဲ ဒီကျနော်တို့ပြည်သူလူထု ကျနော်တို့ လက်နက်ကိုင်တွေအားလုံးဟာ အဓိကကတော့ ကျနော်တို့လိုချင်တဲ့ပန်းတိုင် မပျောက်ဖို့လည်းအရေးကြီးတယ်။ ကျနော်တို့လိုချင်တဲ့ပန်းတိုင် ဖက်ဒရယ်ဒီမိုကရေစီ အချင်းအချင်းညီညွတ်ဖို့လည်း လိုတယ်။ စကစရဲ့ ထွက်ပေါက် တစ်ခုဖြစ်တဲ့ အတုယောင်ရွေးကောက်ပွဲကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးတော့ ကန့်ကွက်ကြဖို့ တွန်းလှန်ကြဖို့လည်းလိုတယ်။

မေး- နောက်ဆုံးအနေနဲ့ အခုဆိုလို့ရှိရင် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ တအားပြင်းထန်လာတယ်။ စကစရဲ့ တုန့်ပြန်မှုတွေ ထိခိုက်မှုတွေလည်း များပြားတယ်။ ဒီအပေါ်မှာ ပြည်သူလူထုတွေကို ဘာများပန်ကြားချင်လဲ။ ဘာများ သတင်းစကားပါးချင်လဲ။
အထူးသဖြင့် ဒါက စကစ ရဲ့ပုံမှန်လုပ်နေကျ အလုပ်ပဲဗျာ့။ အထူးသဖြင့် ဒါက ကျနော်တို့ တစ်နိုင်ငံလုံးမှာဆိုရင် အညာဒေသမှာဆိုရင် ဖွတ်ဖွတ် ညက်ညက်ကြေအောင်သူတို့လုပ်တယ်လေ။ ပြည်သူ လူထူနဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လုပ်တယ်။ အထူးသဖြင့် ဒီပတ်ဝန်းကျင်မှာ သူတို့ကို တော်လှန် တိုက်ခိုက်နေတယ်ဆိုရင် ရွာသားတွေနဲ့တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာ တော်လှန်ရေး အင်အားစု တွေက ရွာကိုရောက်လာလို့ ရွာတွေမီးရှို့ခဲ့ရတယ်။ သွေးခွဲမှုကို သူတို့ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့ရဲ့ စနစ်တစ်ခုပဲလေ။

ကျနော်တို့ပြောချင်တာက နွေဦးမှာပေါက်ဖွားတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးဟာ နိုင်ငံရဲ့ စနစ်ဆိုးတစ်ခုကို တွန်းလှန်ကြိုးစားနေတဲ့ကာလမှာ နှစ်ဖက်ထိခိုက်မှုတွေရှိမယ်။ ပြည်သူလူထုထိခိုက်မှု တွေရှိမယ်။ သို့သော် ဒီထိခိုက်မှုတွေကတဒင်္ဂပဲဖြစ်တယ်။ မကြာခင်အချိန်အတွင်းမှာ သာယာတဲ့ နိုင်ငံတစ်ခုကို ပြန်လည်တည်ထောင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျနော်တို့ဒီလိုခံစားမှုမျိုးဟာ ယာယီသာဖြစ်တယ်ဆိုတာကို ပြည်သူကို အသိပေးချင်တယ်။ ကျနော်တို့လည်းပြည်သူတွေကို လုံးဝကာကွယ်ဖို့အတွက်ပဲ ဖြစ်တဲ့အတွက် အဲ့ဒါကြောင့် ပြည်သူလူထုဘက်ကနေ ကာကွယ်ပေးသွားမှာဖြစ်တယ်။ နိုင်ငံအတွက်ကြိုးစားဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခက်အခဲအတွက် ကြိုးစားဆောင်ရွက်သွားမှာြဖစ်တယ်။

တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုမပါဘဲနဲ့ ကျနော်တို့ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူး။ အဓိက ကတော့ ပြည်သူလူထုရဲ့အား ဒုတိယကတော့ ပြည်သူလူထုရဲ့ဝိုင်းဝန်းပံ့ပိုးမှုနဲ့အတူ သွားမှာပဲ။ လိုချင်တဲ့ ပန်းတိုင်ကို သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း စိတ်ရှည်ပြီးတော့ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ကိုလည်း ပန်ကြားလိုပါတယ်ခင်ဗျာ။