Home သတင်း PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA ထံမှ ခွဲထွက်ရန် KNU တပ်မဟာ (၄) မေတ္တာရပ်ခံ

PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA ထံမှ ခွဲထွက်ရန် KNU တပ်မဟာ (၄) မေတ္တာရပ်ခံ

1373
Photo: Crd.

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်း အခြေချလှုပ် ရှားနေသည့် ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA လက်အောက်ရှိ တော်လှန်ရေး ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းထံမှ ခွဲထွက်ကြရန် KNU တပ်မဟာ(၄)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)စစ်ရေးရုံးက ယမန်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံ စာပေးပို့ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဗိုလ်စောအယ်ခွီးနှင့် KNLA တပ်မဟာ(၄) အကြားဖြစ်ပွားနေသည့် ပြဿနာများသည် ဗိုလ်စောအယ်ခွီးအနေဖြင့် KNU၏ အုပ်ချုပ်ရေးအပေါ် ဝင်ရောက်နှောင့်ယှက်ခြင်း၊ KNU အဖွဲ့ အစည်းအပေါ် အနှောင့်အယှက်ပြုခြင်းတို့ဖြစ်သည့်အတွက် ၎င်းတို့ထံမှ ခွဲထွက်ခြင်း ထွက်ခွာခြင်း များပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက်တိုက်ပွဲဝင်နေသော အခြားအဖွဲ့အစည်းများနှင့် လက်တွဲရန် မေတ္တာရပ်ခံလိုကြောင်း အဆိုပါစာတွင် ဖော်ပြရေးသားထားသည်။

အဆိုပါ မေတ္တာရပ်ခံမှုနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၄)ဘက်မှ တစ်စုံတစ်ရာမှတ်ချက် မပေးလိုသေး ကြောင်း ပြောဆိုပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ PDF များအနေဖြင့် KNU နှင့် ပြည်သူအပေါ် ဆန့်ကျင် ပုန်ကန်သူများအနေဖြင့် သတ်မှတ်ခံရမည့်အရေးကို မလိုလားကြောင်း၊ KNU တပ်မဟာ (၄) နှင့် ၎င်းတို့ အကြားတွင်လည်း ရန်လိုခြင်းမရှိကြောင်း မေတ္တာရပ်ခံစာတွင် ဖော်ပြရေးသားထားသည်။

၎င်းကိစ္စအပေါ် KTLA ၏ တပ်ရင်း (၃) တပ်ခွဲ (၈) ဗိုလ်ကြီး စောဆာ့ကညောက “ ဒီစာအရ ပြောရမယ် ဆိုရင် ကျနော်တို့ကို ပြည်သူနဲ့ ခွဲထုတ်ချင်တာ PDF နဲ့ ခွဲထုတ်ချင်တဲ့သဘောပါပဲ။ သူတို့ပြောတာက ကျနော်တို့က သူတို့အုပ်ချုပ်ရေးကိုနှောင့်ယှက်တယ်၊ ဆူပူအကြမ်းဖက်တယ်ပေါ့။ ဒါက ကျနော်တို့ကို အပြစ်ရှာတဲ့သဘောပါပဲ။ ကျနော်တို့က လူထုဆန့်ကျင်ရေးကို လုပ်မှာမဟုတ်ပါဘူး။ အာဏာရှင်ကိုပဲ ဆန့်ကျင်တော်လှန် နေတာပါ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် KNU တပ်မဟာ (၄) နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာ သော်လည်း တိုက်ခိုက်ခြင်းမပြုဘဲ ၎င်းတို့ KTLA ကိုသာ အပြစ်ရှာလုပ်ဆောင်နေကြောင်း၊ KNU ၏ အုပ်ချုပ်ရေးကို ဝင်ရောက်နှောင့်ယှက်ခြင်းလုပ်ဆောင်နေခြင်းမဟုတ်ဘဲ ရန်သူကိုသာ ရှင်းလင်း လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ၎င်းစာအပေါ် လက်ခံ၍မရကြောင်းလည်း စောဆာ့ကညောက ဆက်ပြောသည်။

သို့သော် KNU တပ်မဟာ (၄) ၏ မေတ္တာရပ်ခံစာတွင် KNU ၏ တော်လှန်ရေးလမ်းစဉ်သည် မဟာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြုတ်ကျရန် ပြတ်ပြတ်သားသား တော်လှန်သွား ရန်ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း KNU ဗဟိုနှင့် KNLA ဌာနချုပ်၏ ရပ်တည်ချက်သဘောထား လမ်းစဉ် အတိုင်း ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ် DEF-PDF ပြန်ကြားရေး တာဝန်ခံက “ သူတို့ နှစ်ဖွဲ့ကြား အခုလို ပဋိပက္ခဖြစ်နေတဲ့အပေါ်မှာ တော်လှန်ရေးအတွက် စိုးရိမ်စရာကောင်းတဲ့အနေအထားတစ်ခုကို ရောက် နေတာပေါ့။ ဘုံရန်သူ စကစကို တိုက်နေရမယ့်အချိန်မှာ ကျနော်တို့အနေနဲ့ သူတို့အကြားမှာ ကြားဝင် ပါဝင်ပတ်သက်တာမျိုးတော့ မရှိဘူး။ ကင်းကင်းရှင်းရှင်းပဲနေတယ်။ လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်ပါတယ် ”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိတော်လှန်ရေးကာလတွင် စည်းလုံးမှုရှိနေရမည့်အစား ယခုလို တကွဲတပြား ဖြစ်နေသည့်အပေါ်တွင် တော်လှန်ရေးအတွက် ဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုင်ပြီး ပဋိပက္ခဖြစ်နေသည့် အဖွဲ့အစည်းအချင်းချင်းကြား ပြန်လည်ညှိနှိုင်းပြီး ဘုံရန်သူကိုသာ တိုက်သွားစေချင်ကြောင်းလည်း DEF-PDF တာဝန်ရှိသူက ဆက်ပြောသည်။

ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA နှင့် KNU တပ်မဟာ (၄) အကြား မကြာခဏ ဆိုသလို ပဋိပက္ခဖြစ်ပွားလျက်ရှိပြီး အရပ်သားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍လည်း အပြန်အလှန် စွပ်စွဲ ပြောဆိုမှုများ၊ တပ်ဖွဲ့ဝင်အချင်းချင်းကြား တိုက်ခိုက်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ကြ လေ့ရှိကြ သော်လည်း ထိုကိစ္စရပ်အပေါ် KNU ဗဟိုဘက်မှလည်းတစ်စုံတစ်ရာမှတ်ချက်မပေးလိုသေးကြောင်း ကေအိုင်စီသို့ ပြောသည်။