Home သတင်း စစ်အုပ်ချုပ်ရေး (Martial Law)ထုတ်ပြန်ပြီးနောက်ပိုင်း ယခင်ထက် မြို့တွင်းမြို့ပြင် အသွားအလာ ကြပ်တည်းလာ

စစ်အုပ်ချုပ်ရေး (Martial Law)ထုတ်ပြန်ပြီးနောက်ပိုင်း ယခင်ထက် မြို့တွင်းမြို့ပြင် အသွားအလာ ကြပ်တည်းလာ

1023

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law)ကို ထုတ်ပြန်ပြီးနောက်ပိုင်း ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ယခင်ကထက် အစစ်အဆေးပိုတင်းကြပ်လာပြီး သွားရေးလာရေးခက်ခဲလာ ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့မှ စတင်ပြီးစစ်အုပ်ချုပ်ရေး (Martial Law)ကို အာဏာသိမ်း စစ်ကောင်စီမှ ကြေညာပြီးနောက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား ငွေညှစ်ခြိမ်းခြောက်ခြင်းနှင့် အစစ်အဆေး အဖမ်းအဆီးများကို ယခင်ကထက်ပြုလုပ်လာသောကြောင့် မြို့နေဒေသခံများအနေဖြင့် သွားလာ ရေးအခက် အခဲများနှင့် ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အခုကဒီ Martial ထုတ်ပြီးတဲ့နောက်ပိုင်းမှာမှ စစ်ကောင်စီက အခုလိုတွေလုပ်လာတာ။ ပြီးတော့ မြို့ထဲမှာ ရှိတဲ့ စစ်သားတွေကလည်း ကြာအင်းဆိပ်ကြီးက မဟုတ်ဘူး၊၊ ဧည့်သည်တပ်တွေ။ ကြာအင်းဆိပ်ကြီးကို ပြီးခဲ့တဲ့ အခေါက်က လေယာဉ်နဲ့ဗုံးလာကြဲပြီးနောက်ပိုင်းမှ ရောက်လာတဲ့စစ်သားတွေ။ သူတို့ကအခုမြို့ထဲမှာ လုပ်ချင် သလိုလုပ်နေတာ။ ညဘက်အပြင်ထွက်တဲ့လူဆိုရင်လည်း သေနတ်နဲ့ လိုက်ပစ်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ကုန်ပစ္စည်းများကို သယ်ယူပြီးမြို့တွင်းသို့ လာရောက်ရောင်းချသူများအနေဖြင့်လည်း ကြာအင်း ဆိပ်ကြီး မြို့အဝင်ရှိ စစ်ကောင်စီချထားသောဂိတ်မှ ငွေမပေးမနေရသဘောဖြင့် ဂိတ်ကြေးများကို အဆမတန် တောင်းခံနေ ရကြောင်းလည်း ကုန်သည်များက ဆိုသည်။

“အရင်တုန်းကဆိုရင် ဘာဂိတ်ကြေးမှ ပေးစရာမလိုဘူး။ အခုနောက်ပိုင်းမှာ ကားတစ်စီးကို လေးသောင်း နဲ့ငါးသောင်းကြားပေးနေရတယ်။ မပေးမနေရသဘောမျိုးပေါ့။ အခုအခြေအနေနဲ့က ကော့ကရိတ်ဘက်မှာလည်း သွားလို့မရဘူးလေ။ အဲ့ဒါကြောင့် ဒီကျုံဒိုးဘက်ကိုပဲ သွားရောင်း နေရတယ်။ အဲ့လိုဂိတ်ကြေးတွေ ပေးနေရတာ တစ်ခါတလေ ကိုယ့်အရင်းတွေထဲကတောင် ပြန်ပြီးပေးလိုက်ရတယ်။”ဟု ဒေသခံကုန်သည်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖတ်လုပ်ရပ်များကို ယခင်က မကြာခဏ လုပ်ဆောင်လေ့ရှိခဲ့သော်လည်း စစ်အုပ်ချုပ်ရေး(Martial Law)ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ထိထိရောက်ရောက် ပိုမို လုပ်ဆောင်လာကြောင်းလည်း မြို့ခံများက ဆိုသည်။

စစ်ကောင်စီက ကာကွယ်ရေးနှင့်လုံခြုံရေး(ကာလုံ) အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ရန် ခက်ခဲလာသည့် တိုင်းနှင့် ပြည်နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်းရေး နယ်မြေအဖြစ် အမိန့်ထုတ်ပြန်ခဲ့ရာတွင် ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များလည်း ပါဝင်သည်။