Home သတင်း နဂါးနီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက လက်နက်များသွားရောက်တပ်ဆင်ပေး

နဂါးနီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက လက်နက်များသွားရောက်တပ်ဆင်ပေး

825
Photo: နဂါးနီစစ်ကြောင်း

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲ အမှတ်-၃ လက်အောက်ခံ နဂါးနီစစ်ကြောင်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော် စောရှားနှင့် တောင်ပိုင်း စစ်ဒေသ၊ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လက်နက်များ သွားရောက်တပ် ဆင်ပေးခဲ့ကြောင်း သိရသည်။

စစ်ဒေသခွဲ အမှတ်-၃လက်အောက်ခံ နဂါးနီ စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “လက်နက်အရေ အတွက် ကတော့အထက်က ကျနော်တို့ကို ပြောခွင့်မပေးပါဘူး။ လက်နက်အမျိုးအစားကတော့ M16တွေပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် စစ်ဒေသခွဲအမှတ် ၃ အတွင်း စစ်ရေးနှင့်ပက်သက်သည့် လုပ်ဆောင်ချက်များနှင့်အခြေအနေ အရပ်ရပ် များကို ရဲဘော်များအား ရှင်းရှင်းလင်းလင်း သိရှိစေရန်ပြောကြားခဲ့ပြီး အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဩဝါဒ စကားပြောကြားခဲ့ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဂုဏ်ပြုစကားပြောကြားပြီးသည့်နောက်တွင် စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားပြောဆိုပြီး အခမ်းအနား အစီအစဉ်ကို ပိတ်သိမ်း လိုက်ကြောင်း ဆိုသည်။

Photo: နဂါးနီစစ်ကြောင်း

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကျားသစ်နက် စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း သင်တန်း ဆင်းပွဲသို့ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကိုယ်တိုင်တက်ရောက်၍ လက်နက်တပ်ဆင် ပေးအပ်ခဲ့သလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က NUG က သေနတ် အလက် ၅၀ ကို ကော်ဘရာ စစ်ကြောင်းကို ထောက်ပံ့ပေးခဲ့သေးသည်။

ထိုသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက် ၅၀ ရာခိုင်နှုန်းနီးပါး တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်းလည်း တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးစောရှားကလည်း ပြီးခဲ့သည့်လက ပြောဆိုထားသည်။