Home သတင်း ကျောက်ကြီးမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

ကျောက်ကြီးမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

944

ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့တွင် ကုန်ပစ္စည်း သယ်ယူမှုလမ်းကြောင်း ခက်ခဲသဖြင့် လက်ရှိတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ကျောက်ကြီးမြို့ဒေသခံများထံက ကေအိုင်စီသို့ ပြောဆိုကြသည်။

ကျောက်ကြီးမြို့‌ဒေသခံများသည် တောင်ငူ၊ ကျောက်တံခါးစသဖြင့် မြို့များတွင် သွားရောက် ဝယ်ယူရောင်းဝယ်နေကြရပြီး ၎င်းဆက်သွယ်ရေးလမ်းကြောင်းတွင် တံတားများအားလုံး နီးပါး ဖျက်ဆီးခံရခြင်းနှင့် တိုက်ပွဲကြောင့်သွားလာရေးအခက်အခဲရှိနေခြင်းတို့ကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ၎င်းဒေသခံများထံမှ သိရသည်။

ကျောက်ကြီးမြို့ဒေသခံတစ်ဦးက”အရင်က ကုန်ဈေးနှုန်း‌တက်တာနည်းနည်းတော်သေးတယ်။ အခုက သုံးဆလောက်ဈေးတက်နေတယ်။ အရင်ကပိုက်ဆံ ကျပ် ၅၀၀၀ ဟာ အသားငါး၊ အသီးအရွက်ဝယ်ပြီး တစ်ရက်စာ စားလို့ရတယ်။ အခု ၅၀၀၀ က ဘာမှဝယ်လို့မရတော့ဘူး”ဟု ကေအိုင်စီ သို့ပြောသည်။

ယင်းမြို့နယ်ရှိ ဒေသခံများအချို့သည် စစ်ရေးပဋိပက္ခကြောင့် ၎င်းတို့အလုပ်အကိုင်များ မလုပ်ရ‌တော့ဘဲ ၁ နှစ်နီးပါးကြာ နေရပ်စွန့်ခွာတိမ်းရှောင်‌နေရပြီး ယခုလို ကုန်ဈေးနှုန်းအဆမတန်မြင့်တက်သည့်အတွက် စားဝတ်‌နေရေးအခက်အခဲရှိလာနေကြောင်း ဒေသခံများက ပြောသည်။

” ဒေသခံပြည်သူတွေလည်း အခုက အပြင်မှာအလုပ်သွားလုပ်လို့မရဲဘူး။ လယ်၊ ခြံတွေမလုပ်ရဘူး။ တစ်ချို့ရွာသားတွေဆို ၆ လပိုင်း ၂၀၂၂ခုနှစ်ကတည်းက ယခုထိ တစ်နှစ်နီးပါးရှိပြီး တိမ်းရှောင်နေရတာ။ ရွာမှာ လယ်တွေ၊ ခြံတွေ၊ အလုပ်အကိုင်တွေ မလုပ်ရဘူး။ စားဝတ်နေရေးတော့ အခက်အခဲရှိတယ်။ အဖွဲ့အစည်းက‌တော့ ဆေးဝါးတွေ အစားအစာတွေကူညီထောက်ပံ့တာရှိတယ်။ လုံလောက်မှုမရှိ‌ပေမဲ့ အများကြီးအထောက်အပံ့ဖြစ်တယ်”ဟု ၎င်းကျောက်ကြီးဒေသခံက ဆက်ပြောသည်။

ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသူရွာသားများသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ တော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့်မှစ၍ တိုက်ပွဲများပြင်းထန်လာပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရသော သောင်းနှင့်ချီသော စစ်ဘေးရှောင်ပြည်သူများမှာ လက်ရှိတွင် စားနပ်ရိက္ခာပြတ်လပ်မှုများရှိလာနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးအဖွဲ့ဝင်တစ်ဦးက “စစ်ရှောင်တွေက သီးသန့် နေရာလည်း မရှိဘူး။ အမျိုးတွေအိမ်မှာလိုက်နေတယ်၊ အမျိုးတွေမရှိတဲ့လူတွေဆိုရင် လွတ်တဲ့ခြံမှာ လိုက်နေတယ် ။ တချို့က ဘုန်းကြီးကျောင်းတွေမှာ၊ နွားတင်းကုပ်တွေမှာလိုက်နေတယ်။ ပြီးတော့ အလုပ်အကိုင်လည်းမရှိဘူး။ ဒီဘက်က သွားနေတဲ့နယ်ခံတွေကလည်း တခြားအလုပ်မရှိဘူး၊ လယ်တွေပဲ လုပ်တော့ ဘာမှအလုပ်အကိုင်ကြီးကြီးမားမားမှမရှိတာ။ လူငယ်တွေကလည်း တိုက်ပွဲဖြစ် တဲ့ကြားထဲမှာ ထိုင်းဘက်ကိုမှောင်ခိုလမ်းနဲ့ အလုပ်ထွက်လုပ်ရတာတော်တော်များတယ်။”ဟု ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ တစ်ခုလုံးတွင် လက်ရှိအချိန်တွင် စစ်ရှောင်အရပ်သားပြည်သူ စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်ဟု ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့၏ ပြုစုထားသည့် စာရင်းအရ သိရသည်။