Home သတင်း စစ်ကောင်စီ ပညာရေးစနစ်အပေါ် အမြင်

စစ်ကောင်စီ ပညာရေးစနစ်အပေါ် အမြင်

628

စစ်ကောင်စီ ပညာရေးစနစ်အပေါ် အမြင်

“အာဏာရှင်သာဆက်အုပ်ချုပ်ရင် နိုင်ငံရဲ့ပညာရေးစနစ်ကကောင်းမွန်လာမှာ မဟုတ်ဘူး”လို့ဆိုကြတဲ့ CDM လူငယ်များ

ဖေဖော်ဝါရီလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်ကောင်စီ၏ ပညာရေးစနစ်အပေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ကျောင်းသားလူငယ်များ၏ သဘောထား ထင်မြင်ချက်များနှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သ တင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

CDM ကျောင်းသူ (တောင်ငူတက္ကသိုလ်)
စစ်ကောင်စီကလုပ်နေတဲ့လုပ်ရပ်တွေကိုမြင်တိုင်း ငါကတော့အနည်းဆုံးတော့ လိပ်ပြာသန့်တဲ့အလုပ်ကိုလုပ်နေတာပဲဆိုတဲ့စိတ်တစ်ခုနဲ့ ပိုပြီးတော့တောင် Motivation ရပါသေးတယ်။ ကိုယ်နဲ့အမြင်မတူတဲ့ အသိုင်းအဝိုင်းကတော့ CDM လုပ်တယ်ဆိုတာ ဘာမှလည်းပြောင်းလဲသွားမှာ မဟုတ်ဘူးပေါ့။ ကျောင်းတွေမတက်ဖြစ်ရင်အတန်း ပညာတွေနောက်ကျသွားမယ်ဆိုပြီး ပြောကြတယ်။ Non CDM တော်တော်များများရဲ့ လက်သုံးစကားက ဘာလဲဆိုတော့ နိုင်ငံရေးနဲ့ပညာရေးကို မရောထွေးစေချင်လို့၊ ပညာရေးနောက်မကျချင်လို့ပါပေါ့။ ဒါကလည်း သူတို့ရဲ့ဦးနှောက် Level အပေါ်မူတည်ပြီး သူတို့ရဲ့အတွေးအခေါ်ကဒီလောက်ပဲရှိတယ်ဆိုတော့ ဘာမှသွားပြောလို့မရဘူး။

စစ်ကောင်စီရဲ့လက်ရှိပညာရေးဆိုတာ အခုဖြစ်နေတဲ့အခြေအနေတွေပေါ်မှာ ခုတုံးလုပ်ထားတာပဲရှိတယ်၊ ဘာပညာမှမပါဘူး။ စစ်ကောင်စီရဲ့ပညာရေးစနစ်ဆိုတာ နိုင်ငံရေးအခြေအနေတည်ငြိမ်ခဲ့တဲ့အချိန်ကတည်းက ယခင်ကအာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြားမှာ ဖြစ်တည်လာခဲ့တဲ့ ပညာရေးက သူများတွေနဲ့ယှဥ်ရင် တော်တော်လေး ဆုတ်ယုတ်နေခဲ့တာကြာပါပြီ။ အဲ့ဒီလိုပညာရေးမျိုးအောက်မှာ ဘွဲ့ရလာတဲ့သူတွေထဲမှာ ပညာမပါဘဲဘွဲ့ရလာတဲ့သူတွေလည်း ပါတာပဲပေါ့နော်။ အခုလက်ရှိအချိန်မှာစာသွားသင်နေတဲ့ ဆရာ၊ ဆရာမတွေဆိုတာလည်း ခုနကသူတွေ အထဲမှာပါမှာပါပဲ။ သူတို့ရခဲ့တဲ့ကာလက ဘာပညာမှမှမပါတာလေ။ အဲ့လိုဆရာမ တွေက စာလာသင်တယ်၊ ပညာမတတ်တဲ့သူက တက်အုပ်ချုပ် တယ်ဆို တော့ လက်ရှိ စစ်ကောင်စီရဲ့ပညာရေးက ပညာလို့တောင်မခေါ်ထိုက်တော့ ပါဘူး။

CDM ကျောင်းသူ( ဖားအံတက္ကသိုလ်)
CDM လုပ်လိုက်တဲ့ခံယူချက်တော့ သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာ ကျောင်းမတက်ချင်လို့ပါ။ ပြီးတော့ စစ်ကောင်စီရဲ့ပညာရေးစနစ်ဆိုတာက အရင်ကတည်းကကောင်းတာမဟုတ်ဘူးလေ၊ အခုလည်းဆက်ပြီးတော့ ကောင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ခံယူချက်နဲ့ မတက်တာဖြစ်ပါတယ်။ သူများတွေကျောင်းပြန်တက်တော့ ကိုယ်လည်းတက်ချင်၊ ဘွဲ့ရချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့အနေနဲ့ CDM လုပ်လိုက်တယ်။ ဘွဲ့မရလည်းဘာမှမဖြစ်တော့ဘူးလေ။ အချို့ကပြောကြတယ်၊ ကျောင်းပြန်တက်ပါလားတဲ့ ကျောင်းပြန်တက်တော့လည်း ဒီပညာရေးကရမယ့်ဘွဲ့က ဘာလုပ်စားလို့ရမှာလဲ။ ဘာမှလုပ်လို့မရတာထက် အဲ့ဒီကျောင်းကြီးမှာ အချိန်ကုန်ခံပြီးတက်နေမယ့်အစား ကိုယ့်ဘာသာကိုယ် သင်တန်းတက် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ပဲ ဆုံးဖြတ်ချခဲ့တာပါ။

စစ်ကောင်စီရဲ့ပညာရေးစနစ်ဆိုတာလည်း အရင်ကတည်းက ကြက်တူရွေး နှုတ်တိုက်ကျက်နေရတာလေ၊ ဘယ်တော့မှလည်းကောင်းလာမှာ မဟုတ်ဘူးလို့ ထင်တယ်။ စိတ်ပိုင်းဆိုင်ရာကတော့ အများကြီးခံစားခဲ့ရပါတယ်။ အခုသင်တန်းတက်နေပေမယ့် အိမ်ကငွေရေးကြေးရေးမတတ်နိုင်တော့ စိတ်ဒုက္ခရောက်ခဲ့တာတွေအများကြီးပဲလေ။ အကောင်းဆုံးကတော့ အခုလို CDM လုပ်ပြီးသူတို့ကို တော်လှန်တယ်။ နိုင်ငံခြားရောက်ခဲ့ရင်လည်း နိုင်ငံခြားကနေ တတ်နိုင်သမျှအကောင်းဆုံး တော်လှန်ရေးအတွက် ပါဝင်သွားမှာပါ။

CDM ကျောင်းသား (ပုသိမ်တက္ကသိုလ်)
ကိုယ်နဲ့အမြင်မတူတဲ့ဆွေမျိုးတွေလည်းရှိတယ်၊ ကိုယ် CDM လုပ်တာမှားတယ်လို့ပြောကြတယ်။ သူတို့ပြောနေကျစကားက ကိုယ်လုပ်မှကိုယ်စားရတယ်တဲ့။ မှန်ပါတယ် ဒါပေမဲ့ ကိုယ်လုပ်တဲ့လုပ်အားခကိုတော့ ပြည့်ပြည့်ဝဝပြန်စားချင်တယ်လေ၊ လုပ်ပြီးငတ်နေတာလည်း အဆင်မပြေဘူးလေ၊ ပင်ပန်းသလောက် ရသင့်ရထိုက်တဲ့အခွင့်အရေးတော့ လိုချင်ပါတယ်။ အရင် အာဏာမသိမ်းခင်က မိသားစုကလည်းအဆင်ပြေတယ်၊ ရတဲ့လစာလေး တွေစုထားတာနဲ့ CDM လုပ်တဲ့တစ်နှစ်လောက်ထိ အဆင်ပြေသေးတယ်။ နှစ်နှစ်နားရောက်လာတော့ မိသားစုကလည်း အဆင်မပြေတော့ဘူးဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ နေရတာလည်းတောထဲမှာ၊ ဖုန်းလိုင်းကလည်းမမိတော့ မိသားစုနဲ့လည်းမပြောရဘူးလေ၊ စားဝတ်နေရေးအတွက် တစ်ခါတ လေစိတ်ညစ်ရတာပေါ့။ ဒါပေမဲ့ နိုင်ငံအတွက် တဖက်တလမ်းက ကူညီပေးခဲ့တာပဲဆိုပြီး အားတင်းရင်းကျော်ဖြတ်ခဲ့ရပါတယ်။

လက်ရှိပညာရေးစနစ်ကတော့ အာဏာရှင်တွေအုပ်ချုပ်နေသမျှ ဘာမှတိုး တက်လာမှာမဟုတ်ပါဘူး။ အရင်သူတို့အုပ်ချုပ်ခဲ့တုန်းကလည်း ဘာများကောင်း ခဲ့လို့လဲ၊ သူတို့ကတော့ အကြောက်တရားတွေနဲ့တင်အုပ်ချုပ်မှာပဲ။ ဒီတစ်ခါအာဏာရှင်တွေကို အပြီးသတ်ချေမှုန်းမှရမှာပါ။ ဒါမှသာကျနော်တို့ နိုင်ငံနဲ့လူငယ်တွေရဲ့အနာဂတ် ပညာရေး၊ စီးပွားရေး နောက်မကျမှာလေ။ အနာဂတ်ကောင်းဖို့အတွက် အာဏာရှင်မှန်သမျှကို ကျနော်တို့တွန်းလှန်ရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီနွေဦးတော်လှန်ရေးက အောင်မြင်ဖို့ လက်တကမ်းအလိုမှာရောက်နေပါပြီ။ အဲ့ဒီတော့ ကျနော်တို့ဆက်လျှောက်ကြတာပေါ့။

CDM ကျောင်းသူ (ကော့ကရိတ်မြို့နယ်)
ကိုယ့်နိုင်ငံတစ်နိုင်ငံလုံးအာဏာရှင်လက်အောက် ရောက်နေတာတောင်မှ ကျောင်းပြန်တက်ကြတဲ့သူ တစ်ချို့ရှိတယ်။ အစပိုင်းတုန်းကတော့ လူနည်းစုပဲ၊ နောက်ပိုင်းမှ အများစုက‌ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ်နဲ့ကျောင်းပြန် တက်နေကြတာကို တွေ့ရတယ်။ အဲ့ဒီတော့ သူတို့အတွက် ကိုယ်ကစိတ် မကောင်းဘူးပေါ့၊ ကိုယ့်နိုင်ငံနဲ့တခြားနိုင်ငံနဲ့ယှဥ်မယ်ဆိုရင် ပညာရေးရော၊ စီးပွားရေးရော အဖက်ဖက်ကနိမ့် ကျနေတယ်ပေါ့နော်။ နိမ့်ကျနေတာတွေကိုမှ သူတို့တွေက သင်ယူပြီးလက်ဆင့်ကမ်းဖို့ကြိုး စားနေကြတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကိုရေရှည်ကြည့်မယ်ဆိုရင် မတွေးရဲစရာပါ။ အဲ့ဒါကြောင့်သူတို့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ CDM လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြင်မတူတဲ့သူတွေကတော့ CDM လုပ်လိုက်တော့ရော ဒီပွဲကနိုင်မှာတဲ့လား၊ ဘာထူးမှာလဲဆိုပြီးတော့ ပြောကြတာတော့ရှိတယ်။

CDM လုပ်ဆောင်လာတဲ့ကာလတစ်လျှောက်ကတော့ အရင်အချိန်နဲ့ ယှဥ်ရင်မလွယ်ကူခဲ့ပါဘူး။ အဲ့ဒီထဲမှာ ကိုယ်နဲ့ရွယ်တူလူငယ်တွေ၊ ကိုယ့်ထက်ငယ်တဲ့ ကလေးလေးတွေ၊ အသက်ကြီးတဲ့အဘိုးအဘွားတွေဆိုရင်လည်း စစ်ပွဲထဲမှာပြေးလွှားနေရတာအများကြီးရှိတယ်။ တချို့ကျတော့လည်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေနဲ့ယှဥ် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ပေးဆပ်မှုက ဘာမှကိုမဟုတ်သေးတဲ့အတွက် သူတို့တွေရဲ့ ဆုံးရှုံးမှုတွေအတွက် အားတင်းထားပြီး ဒီပွဲမှာအဆုံးထိတိုက်သွားမှာပါ။

အခုလက်ရှိစစ်ကောင်စီရဲ့ပညာရေးစနစ်ကိုတော့လုံးဝသဘောမကျပါဘူး။ ပညာရေးစနစ်က တဖြည်းဖြည်းနဲ့နိမ့်ကျလာတာပေါ့နော်။ ဒီလိုသာရေရှည်ဆက်သွားမယ်ဆိုရင် ကိုယ့်တိုင်းပြည်ကလည်း ဆုတ်ယုတ် လာဖို့ပဲရှိပါတယ်။ နောက်ပြီး ဒီတော်လှန်ရေးကိုပူးပေါင်းပြီးပါဝင်ပေးကြဖို့၊ သွေးမအေးကြဖို့၊ CDM လုပ်နေကြတဲ့သူတွေအကုန်လုံးကို ဖေးမပေးကြဖို့ ပြောချင်ပါတယ်။