ဖေဖော်ဝါရီလ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်းရှိ လက်ဖက်ရည်ဆိုင်အတွင်းမှာ ပြည်သူ့ စစ်ခေါင်းဆောင် မြင့်ရီ(ခေါ်)ပေါပီကို ယနေ့ ဖေ ဖော်ဝါရီလ(၁၅)ရက် နံနက် (၇) နာရီကျော်အချိန်ခန့်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ ပစ်သတ်ရှင်းလင်းခဲ့ကြောင်း S.O.F ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့်ပူးပေါင်းပြီး ကျေးရွာအတွင်းရှိ လူငယ်များနှင့် (CDM)များကို ဖမ်းဆီးခြင်းများ ပြုလုပ်ကာ ပြည်သူများထံမှ အကြောင်းမဲ့ငွေကြေးတောင်းခံမှုများရှိနေသောကြောင့် အဆိုပါ ပြည်သူ့ စစ်ခေါင်းဆောင်ကို ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း S.O.F တာဝန်ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“မြင့်ရီက လက်ရှိမှာပြည်သူ့စစ်ခေါင်းဆောင်ပါပဲ။ ဒေသခံတွေကိုလည်း အမြဲတမ်းခြိမ်းခြောက်မှုပြု လုပ်တယ်။ သူ့သမီးမင်္ဂလာဆောင်မှာတောင်သူက သေနတ်တွေဘာတွေပစ်ဖောက်ပြီးတော့ ရွာထဲဝင်ပြီး ဆိုင်ကယ်နဲ့ဝင်ပြီး ကြိုက်တဲ့ PDF လာခဲ့ အကုန်ရှင်းပစ်မယ်။ အဲ့လိုခြိမ်းခြောက်တာတွေလည်း အမြဲရှိ တယ်။ သူက အကြမ်းဖက်ဆန်ဆန်ပဲ မတရားဖမ်းဆီးတယ်။ ပြီးရင်အပြစ်မရှိရင် ငွေတောင်းပြီး ပြန်လွှတ် တယ်။ တစ်ချို့ CDM နဲ့တစ်ချို့ လူငယ်တွေကိုလည်း ဖမ်းတယ်။ ကျနော်တို့က သူထိုင်ရာကနေ ထလာ တဲ့အချိန်မှာ ခေါင်းကိုတစ်ချက်၊ ရင်ဘတ်ကို ၂ ချက်၊ ဆီးခုံကို ၁ ချက် ၉မမနဲ့ အနီးကပ်ပဲရှင်းခဲ့တယ်” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခေါ်)ပေါပီအား ပစ်သတ်ရှင်းလင်းခဲ့ပြီး နာရီဝက်အကြာတွင် စစ်ကောင်စီတပ်များ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။



















