Home သတင်း KNU မက္ကသာ သတ္တုတွင်းခဲမိုင်းနေရာအား စစ်ကောင်စီမှ ၄ ကြိမ်မြောက် လာရောက်ဗုံးကြဲ

KNU မက္ကသာ သတ္တုတွင်းခဲမိုင်းနေရာအား စစ်ကောင်စီမှ ၄ ကြိမ်မြောက် လာရောက်ဗုံးကြဲ

834
Photo: CJ

ဇန်နဝါရီ ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့ မြောက်ဘက်ရှိ မက္ကသာ သတ္တုခဲမိုင်းနေရာအား ယနေ့ဇန်နဝါရီလ ၂၅ ရက်၊ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ထပ်မံ၍ လာရောက်ဗုံးကြဲသွားပြီး လုပ်ငန်းအဆောက်အဦးများ ထိခိုက်ပျက်စီးသွားသည်ဟု သတ္တုခဲမိုင်း လုပ်ကိုင်နေသူများထံမှ သိရသည်။

မက္ကသာရွာ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် အမှတ်(၅) ခဲသတ္တုမိုင်းနေရာအား ဗုံးကြဲ ခံရသည့်အတွက် လုပ်ငန်းသုံးစက်ယန္တယားများနှင့် အဆောက်အဦးများ ထိမှန်ပျက်စီးသွားပြီး လူထိခိုက် မှုမရှိဟု သတ္တုမိုင်းလုပ်ကိုင်နေသူများက ပြောသည်။

“ ညက ၂ နာရီလောက်မှာ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ အဆောက်အဦး တွေတော့ ထိသွားတယ်။ လူတော့မထိဘူး။ ဗုံးခဏခဏလာကြဲတော့ လုပ်ငန်းခွင်မှာ ဘယ်သူမှ မနေတော့ဘူးလေ” ဟု သတ္တုမိုင်းလုပ်ငန်းနီးစပ်သူတစ်ဦးက ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

မက္ကသာရွာအနီး သတ္တုမိုင်းလုပ်ကွက်နေရာများအား KNU-ဒူးပလာယာခရိုင်၏ သတ္တုတွင်းလုပ်ငန်းဌာနမှ ၎င်းတို့၏ ဌာနပေါ်လစီ စည်းမျဉ်းများနှင့်အညီ အများပြည်သူများအား လုပ်ကိုင်ခွင့်ပြုထားသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ ၎င်းသတ္တုခဲမိုင်းနေရာများအား လုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားထားပြီးဟု ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆို သည်။

Photo: CJ

အမှတ် ၁၊ ၂ ခဲသတ္တုမိုင်းတွင်းနေရာကိုလည်း ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းလုပ်သား ၅ ဦးကျော် ထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။ ယခု အမှတ် ၅ ခဲသတ္တုမိုင်းတွင်းနေရာကို ဒုတိယအကြိမ်မြောက် ဗုံးကြဲခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း ကြိမ်ချောင်းရွာရှိ အပစ်ရပ် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အဖွဲ့၏ ဌာနစခန်းနေရာတစ်ခုလည်း စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

သဗြူ၊ မက္ကသာ ခဲသတ္တုမိုင်းလုပ်ငန်းနေရာတွင် ဌာနေလူထုများမှ စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အဆိုပါမိုင်းတွင်းများသည် အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက စတင်လုပ်ကိုင်ခဲ့ကြကာ သက်တမ်းအားဖြင့် နှစ်ရာကျော်ရှိပြီးဟု ဌာနေဒေသခံလူထုများထံမှ သိရသည်။