Home သတင်း KNU တပ်မဟာ ၄ အဖွဲ့ဝင်များ ပစ်ခတ်ခံရမှုမှာ မှားယွင်းမှုတစ်ခုသာဖြစ်ဟု KTLA ပြော

KNU တပ်မဟာ ၄ အဖွဲ့ဝင်များ ပစ်ခတ်ခံရမှုမှာ မှားယွင်းမှုတစ်ခုသာဖြစ်ဟု KTLA ပြော

1069

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁၂)၏ ဒုတပ်ရင်းမှူး နှင့် ကစယ်ဒို (ထားဝယ်)မြို့နယ်၏ အမြဲတမ်းကော်မတီဝင်တို့ နှစ်ဦးကို ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၃ ရက်နေ့က စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ ရက်စွဲဖြင့် KNU တပ်မဟာ(၄) ဘက်က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ည (၇)နာရီအချိန်တွင် ကစယ်ဒိုမြို့နယ်၊ ဖောတော့ ကျေးရွာနှင့် မိုင်တိုင်အမှတ် (၄၀)အကြားတွင် KNLA တပ်ရင်း(၁၂) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောတာအယ်အယ်နှင့် ကစဲဒိုမြို့နယ် အမြဲတမ်းကော်မတီဝင်စောကာလီလားတို့ နှစ်ဦးကို ထိုနယ်မြေအတွင်း လှုပ်ရှားနေသည့် စောကလေ့ကလေ့ ဦးစီးသော KTLA တပ်ဖွဲ့ဝင်များက အကြောင်းအရင်းမရှိ ပစ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်မှုကြောင့် အပစ်ခံရသူနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မဟာ (၄) တပ်မဟာ စစ်ရေးချုပ် ဗိုလ်မှူးစောဖိုးချေက “ပစ်တာ တော့ဟုတ်တယ်။ ဒါပေမဲ့ ဘာကြောင့်ပစ်တာလဲဆိုတာတော့ အပစ်ခံရတဲ့တပ်ရင်း ၁၂ ဒုရင်းမှူးနဲ့ မြို့နယ် တာဝန်ရှိသူတွေကို လှမ်းဆက်သွယ်မေးမြန်းပြီးမှ သိရမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် KTLA ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄)ဘက်က ထုတ်ပြန်ထားသော်လည်း သွားလာရေးအတွက် ကြိုတင်အသိပေးမှုမရှိသလို ပိတ်ထားသည့်လမ်းတွင် ကားရပ်အစစ်ဆေးမခံဘဲ မောင်းပြေးသောကြောင့် ယခုလို ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း KTLA ဘက်က ဆိုသည်။

KTLA မှ ဆာကဆောတပ်မဟာ၏ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဒီထီးခီး-ထားဝယ်လမ်းကို စာထုတ်ပြန်ပြီး ပိတ်ထားတာကြာပြီ။ ကားတွေမသွားလာဖို့ ထုတ်ပြန်ထားပြီးသား။ အခုဖြစ်စဉ် ဖြစ်တဲ့ အချိန်က မိုးချုပ်နေပြီး။ သူတို့ကားကလာတော့ ကျနော်တို့ ရဲဘော်တွေက ရပ်ဖို့တားတယ်။ တားပေမဲ့ မရပ်တဲ့အတွက် ကျနော်တို့ဘက်က ကားကခေါ်ရပ်လို့ မရပ်ရင် ရန်သူကားပဲဆိုပြီး အဲ့ဒါကြောင့် ပစ်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ KNLA တပ်ရင်း (၁၂) ဘက်မှလည်း သွားလာခြင်းမပြုရန် ၎င်းတို့ ကိုယ်တိုင် စာထုတ်ပြန် ထားပြီးသားဖြစ်သလို ရန်သူဘက်မှလည်း ၎င်းလမ်းကို အသုံးပြုသွား လာမည့်သတင်းရ ထားသောကြောင့် လမ်းပိတ်စောင့်နေစဉ် ယခုအပစ်ခတ်ခံရသူများ အနေဖြင့် အရေးကြီးသွား လာမှုအတွက် ကြိုတင်ဆက်သွယ်အကြောင်းကြားခြင်းမပြုဘဲ မောင်းပြေးသောကြောင့် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော်တို့လူတွေကလည်း တပ်ရင်း ၁၂ က လူတွေမှန်းသိရင် မပစ်ပါဘူး။ အခုက ကားကို မရပ်ဘဲ မောင်းပြေးတော့ ပစ်ရတာပေါ့။ အခုက မှားပစ်ကြတာပဲလို့ သူတို့ဘက်က ခရိုင်စည်းရုံးရေးမှူးက ဖြေရှင်းပြီးပြီဆိုတာလည်း ဖုန်းဆက်ပြောလာတယ်” ဟု KTLA တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း တပ်မဟာ (၄)နယ်မြေ၊ ဘုတ်ပြင်း( လန်ကဆော)မြို့နယ်၊ KNLA တပ်ရင်း (၂၀၃) နယ်မြေအတွင်း၌ အရပ်သား ၈ ဦးကို ဒလန်ဟုစွပ်စွဲပြီး KTLA ဘက်မှ သတ်ဖြတ်ခဲ့ကြောင်းနှင့် နောက်ထပ်အရပ်သား ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူတပ်မဟာ ၄ ၏ ကွယ်ကလူသတင်းဌာနက နှစ်ကြိမ်ဖော်ပြရေးသားခဲ့ခြင်းနှင့်ပတ်သက်ပြီး လည်း KTLA ဘက်မှ ငြင်းချက်ပြန်လည် ထုတ်ပြန်ခဲ့သည်။

ကွယ်ကလူ သတင်းဌာနက ဖော်ပြထားသော လူ ၈ ဦးအသတ်ဖြတ်ခံရမှုသတင်းသည် သတင်းအမှန် မဟုတ်ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KTLA မှ ဗိုလ်အယ်ခွီးက အခင်းဖြစ်ပွားရာ နေရာ သည် ကော်သူးလေအာမီတပ်ရင်းတပ်ဖွဲ့လှုပ်ရှားနယ်မြေ မဟုတ်ကြောင်း ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ကွယ်ကလူသတင်းမှ မဟုတ်မမှန်သတင်း ဖြန့်ဝေရေးသားခြင်းသာဖြစ်ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် KTLA ဘက်က ပြန်လည်သတင်းထုတ်ပြန်ထားသည်။

ယခု KNU တပ်မဟာ (၄) အဖွဲ့ဝင်များ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍လည်း ကွယ်ကလူ သတင်းဌာနက ယမန်နေ့ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသေးသည်။

KTLA အဖွဲ့သည် KNU လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) မှ ခွဲထွက်၍ ပြောင်းလဲဖွဲ့စည်းလိုက်သည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီကို ဆက်လက် လက်နက်ကိုင်တော်လှန်နေသလို ၎င်းတို့ သီးခြားရပ်တည်မှုနှင့် ပတ်သက်ပြီး နယ်မြေခံ KNU နှင့် မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားမှုရှိကာ အပြန်အလှန်စွပ်စွဲ ပြောဆိုမှုများလည်း ပြုလုပ်ကြလေ့ရှိသည်။