Home သတင်း ၇၅ ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ်အတွက် မျိုးဆက်သစ်လူငယ်များအား စာမူဖိတ်ခေါ်

၇၅ ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ်အတွက် မျိုးဆက်သစ်လူငယ်များအား စာမူဖိတ်ခေါ်

635

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

လာမည့်ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် ကရင်အမျိုးသားနေ့ အထိမ်း အမှတ်စာမူများ ရေးသားပေးပို့လာရန် ပြည်တွင်းပြည်ပရှိ ကရင်မျိုးဆက်သစ်လူငယ်များအား ဖိတ်ခေါ်နေသည်ဟု ကရင်အမျိုးသားများမျိုးနွယ်စုအသင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စာမူများတွင် ကဗျာ၊ ဆောင်းပါးနှင့်ဝတ္တုတိုစသည့် ကဏ္ဍများပါဝင်ပြီး ပိုးကရင်၊ စကောကရင်၊ မြန်မာနှင့်အင်္ဂလိပ်စုစုပေါင်း(၄)ဘာသာတို့ဖြင့် ရေးသားပေးပို့နိုင်ပြီး စာမူပိုင်ရှင်များတွင် အသက် ၃၅ နှစ်အောက်ရှိသည့် ကရင်လူငယ်များသာ ပါဝင်ယှဉ်ပြိုင်ပေးမည်ဟု သိရသည်။

ထိုစာမူဖိတ်ခေါ်ပွဲသည် ကရင်အမျိုးသားများမျိုးနွယ်စုအသင်းက ဉီးဆောင်ကျင်းပပြီး ကရင်မျိုးဆက် သစ်များအတွက် ကရင်အမျိုးသားသမိုင်းအစဉ်အလာကောင်းများကို ပိုမိုသိရှိနားလည်စေရန်၊ ယဉ် ကျေးမှု ဓလေ့ထုံတမ်းများ သိရှိလာစေရန်နှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပိုမိုပါဝင်လာနိုင်စေရန်ရည်ရွယ်သည်ဟု စာမူဖိတ်ခေါ်ခြင်းတာဝန်ခံ စောကျော်စွာက ပြောသည်။

၎င်းက“ အခုလို ကျင်းပပေးတာက မျိုးဆက်သစ်တွေအတွက် ရည်ရွယ်တာဖြစ်တယ်၊ နောင်မျိုး သစ်ကရင်လူငယ်တွေဟာ မိမိတို့ရဲ့ အမျိုးသားသမိုင်းအစဉ်အလာကောင်းတွေကို ပိုမိုသိရှိလာဖို့နဲ့ အမျိုး သားရေးမှာ ပိုမိုပါဝင်လာနိုင်ဖို့ပါ၊ လူငယ်မျိုးဆက်သစ်များကို ပြောချင်တာက စာမူတွေကို ရေးသားပေးပို့စေချင်ပါတယ်၊ ပြည်တွင်းသာမက တတိယနိုင်ငံမှာ‌ နေထိုင်ကြတဲ့လူငယ်တွေလည်း ရေးသားပေးပို့စေချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်စာမူပြိုင်ပွဲတွင် ကရင်အမျိုးသားထု၏ မျိုးချစ်စိတ်ဓါတ် ပိုမို နိုးကြားစေရေး၊ သမိုင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ အမျိုးသားမျှော်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွာတွင် ကျရာ အခန်းကဏ္ဍမှ ပါဝင်လာနိုင်စေရေး၊ ကမ္ဘာ့အလယ်တွင် လူမျိုးဂုဏ်ကို ဂုဏ်ယူဝင့်ကြွားနိုင်စေရေးနှင့် ကရင်အမျိုးသားစည်းလုံးညွတ်ရေးကို ပိုမိုကျစ်လစ်ခိုင်မာစေပြီး အမျိုးသားအသွင်လက္ခဏာ တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် တတတ်တအား ပါဝင်ပူးပေါင်းလာစေရေးစသည့် ဉီးတည်ချက် ၅ ချက်ဖြင့် ချမှတ်ထားသည်ဟု ကရင်အမျိုးသားများမျိုးနွယ်စုအသင်း (ပိုးကရင်ပိုင်း)အတွင်းရေးမှူးဖြစ်သူ နန်းမြင့်တင်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကျမတို့ လူမျိုးတွေဟာ လူမျိုးကြီးတစ်ခုဖြစ်တယ်ဆိုတာ သိရှိပြီးတော့ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် မေတ္တာထားကြဖို့နဲ့ညီညွတ်စွာနဲ့ အတူတကွလက်တွဲပြီး မိမိတို့သွားမည့် ပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်တယ်။ ပြီးတော့ ကရင်လူမျိုးဟာ ကမ္ဘာ့တည်ရှိနေသ၍ ရှင်သန်ရပ် တည်နေထိုင်နိုင်ဖို့အတွက် မျိုးဆက်သစ်ကရင်လူငယ်တွေရဲ့အပေါ်မှာ မူတည်နေပါတယ်”ဟု ပြောသည်။

ယခုလို ကရင်မျိုးဆက်သစ်များအတွက် ရည်မှန်းပြီး ကရင်အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် စာမူဖိတ်ခေါ်ပေးသည့် ကရင်အမျိုးသားများမျိုးနွယ်စုအသင်းကြီးအား လူငယ်တစ်ဦးအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူမိသည်ဟု ကရင်လူငယ်အစည်းရုံး KYO (ဗဟို)ကော်မတီအဖွဲ့ စောစိုးပိုင်က ပြောသည်။

“ အခုလို လူငယ်တွေကို စဉ်းစားပေးပြီး လက်တွဲခေါ်တတ်တဲ့ ကရင်ခေါင်းဆောင်တွေကို ကျေးဇူး တင်ပါတယ်၊ လူငယ်တွေအနေနဲ့လည်း ဘယ်နေရာပဲ၊ ဘယ်ဒေသပဲ ရောက်ရောက် ပြည်တွင်းပြည်ပ မှာရှိကြတဲ့ လူငယ်တွေကို မေတ္တာရပ်ခံချင်တာကတော့ အမျိုးသားနေ့အတွက် စာမူတွေကို ပေးပို့ကြဖို့နဲ့ အမျိုးသားအရေးကိစ္စရပ်တွေကို အတူတကွ မိမိတို့တတ်နိုင်တဲ့ဘက်ကမှ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆို ချင်ပါတယ်”ဟု စောစိုးပိုင်က ပြောသည်။

ထိုစာမူများကို လာမည့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် နောက်ဆုံးထားပြီး ပေးပို့လာသည့် စာမူများတွင် ကရင်အမျိုးသားများမျိုးနွယ်စုအသင်းကြီးက ဆုများကို စိစစ်ရွေးချယ်ပေးသွားမည်ဟု သိရသည်။

လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ကရင်လူမျိုး စုစုပေါင်း(၄)သိန်းကျော်က ဖဆပလအစိုးရကို (၁)ကရင်ပြည် ချက်ချင်ပေး၊ (၂) ဗမာတစ်ကျပ် ကရင်တစ်ကျပ်ချက်ချင်းပြ၊ (၃)လူမျိုးရေး အဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အလိုမရှိစသည့် ကြွေးကြော်ချက် (၄)ချက်ကို ကိုင်ဆောင်၍ ပထမဦးဆုံးငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သည့်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။