Home သတင်း အိမ်မဲကရင်စာ/ယဉ်အဖွဲ့ဝင် စသိန်းဇော်မင်းဖမ်းဆီးခံရ၊ မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေ

အိမ်မဲကရင်စာ/ယဉ်အဖွဲ့ဝင် စသိန်းဇော်မင်းဖမ်းဆီးခံရ၊ မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေ

803
Photo: Crd.

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ စသိန်းဇော်မင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ရက်နေ့ နံနက်၁၀ နာရီဝန်းကျင်တွင် အိမ်မဲနယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေ ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ စသိန်းဇော်မင်းကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မသိရှိရ သလို ၎င်းကို အိမ်မဲမြို့မရဲစခန်းမှတဆင့် မြောင်းမြကို ပို့ဆောင်သွားသည်ဟုသာ မိသားစု ဝင်များက သိရှိရပြီး လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကိုမူ မိသားစုဝင်များလိုက်လံစုံစမ်း၍ မရသေးကြောင်း နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“သူ့ကို မနေ့က ၁၀ နာရီ ၁၁ နာရီလောက်ရှိမယ်။ စစ်သားတွေ သူ့အိမ်ကို ရောက် လာတယ်။ ရောက်လာပြီးတော့ သူ့ကိုခေါ်သွားတယ်။ အိမ်မဲမြို့မရဲစခန်းကိုရောက်တယ်။ အဲ့ကနေမှ ညနေ ၆ နာရီလောက်မှာ မျက်နှာကို စည်းပြီးတော့ မြောင်းမြကို ပို့တယ်။ ဘယ်ကိုပို့တာလဲတော့ မသိရဘူး။ ခန့်မှန်းရသလောက်ကတော့ သူ့ကို စစ်ကြောရေး ပို့တယ်လို့ပဲ ထင်တယ်။ အခု လက်ရှိအချိန်ထိကတော့ သူ့အိမ်က ညတုန်းက ချက်ချင်း လိုက်သွားတယ်။ စုံစမ်းတယ်။ ဒါပေမဲ့ ဘယ်ကို ရောက်လို့ ရောက်မှန်းက အခုထိ အဆက်အသွယ်မရသေးဘူး” ဟု ထိုနီးစပ်သူက ပြောသည်။

၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ အနေဖြင့် မသိရှိရသေးသလို ယခုဖမ်းဆီးမှုမတိုင်ခင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ ကလည်း အိမ်မဲ ကရင်စာ/ယဉ် ရုံးတွင် စာ/ယဉ်အရေးကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟုတ်မဟုတ် စစ်ဆေးရန်ဟုဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့သေးသည်။

အဆိုပါ ပထမအကြိမ် ဖမ်းဆီးမှုတွင် စသိန်းဇော်မင်းကို အာမခံဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ယခုလို ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်သည်။

Photo: Crd.

ထိုသို့စသိန်းဇော်မင်းအဖမ်းခံရသည့်အပြင် ကရင်စာပေးယဉ်ကျေးမှုအတွက် လုပ်ဆောင်သူ အုပ်ချုပ်ရေးမှူး စောနေမူးကိုလည်း ယမန်နေ့ညပိုင်းက ၎င်းနှင့်တကွ မိသားစုဝင် အားလုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွား ကြောင်းနှင့် ၎င်းတို့ကိုလည်း အဆက်အသွယ်မရရှိသေးကြောင်း နီးစပ်သူများက ပြောသည်။

အဖမ်းဆီးခံရသူ ကရင်လူငယ် စသိန်းဇော်မင်းသည် ၎င်းနေထိုင်ရာ အိမ်မဲမြို့နယ်အတွင်း ကရင်စာပေ ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက်အပြင် ကရင်လူငယ်များအတွက် အခြေခံ ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများကို စာ/ယဉ် နှင့်တွဲဖက်၍ လိုက်လံ ဖွင့်လှစ်ကူညီသင်ကြားပေးနေခြင်းသာဖြစ်ပြီး စစ်ကောင်စီဘက်မှ စွပ်စွဲပြော ဆိုသလို PDF အဖွဲ့ဝင်မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ကရင်လူငယ်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အခုက လက်ရှိက သိန်းဇော်မင်းက စာ/ယဉ်အလုပ်ပဲလုပ်တာ။ လူငယ် သင်တန်း တွေဖြစ်တဲ့ ကွန်ပျူတာတို့ အင်္ဂလိပ်စာသင်တန်းတို့ ဒါတွေပဲ သူလုပ်နေတာ။ PDF နဲ့ ဘာမှ ဆက်စပ်မှုမရှိဘူး။ ကိုယ့်ကရင်အမျိုးသားရေးအတွက်ပဲ လုပ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ စစ်အာဏာသိမ်းမှုမတိုင်ခင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နှစ် ၇၀ မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်ခြင်းကြောင့် စသိန်းဇော်မင်းနှင့်အတူ ကရင်လူငယ် စောစာကွာလာ တို့ လူငယ်နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ဖူးသေးသည်။