Home သတင်း သံတောင်-ဘောဂလိလမ်းတွင် စစ်ကောင်စီက အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ထား၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

သံတောင်-ဘောဂလိလမ်းတွင် စစ်ကောင်စီက အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ထား၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

699

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့ သံတောင်-ဘောဂလိလမ်းတောက်လျှောက်တွင် ဇန်နဝါရီလ(၁၉)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းထားပြီး လုံခြုံရေးယူကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

သံတောင်မြို့မှ ဘောဂလိမြို့သို့ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ဥသျှစ်ကုန်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီတပ်များက လမ်းပိတ်ဆို့ခြင်း၊ ကင်းလှည့်စစ်ဆေးခြင်းနှင့် ဒေသခံများအားရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်းက“(၁၉)ရက်နေ့မနက်က တောင်ငူကနေ စစ်ကားအသေးတစ်စီး၊ ကားကြီးငါးစီးနဲ့တက်လာတယ်။ လူအင်အားထပ်ဖြည့်ထားတယ်။ ဥသျှစ်ရွာထဲမှာလည်း ကင်းလှည့်ပြီးစစ်ဆေးနေကြတယ်။ တောင်ပေါ်က ဆင်းလာတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသား(၂)ယောက်ကို မှတ်ပုံတင်မပါလို့ဆိုပြီး PDF လား ဘာလားနဲ့ဆဲဆိုပြီးရိုက်စစ်တယ်။ ပြီးတော့ ကြိုးတုပ်ပြီး(၁၆)မိုင်စခန်းကို ခေါ်သွားကြတယ်။ ပြန်လွှတ်မလွတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက လက်နက်၊ ရိက္ခာဖြည့်တင်းခြင်းအပြင် သံတောင်-ဘောဂလိ လမ်းမကြီးအတိုင်းမသွားဘဲ တပ်ဖြန့်၍ တောနင်းရှာဖွေနေခြင်းများလုပ်ဆောင်နေသောကြောင့် ဒေသခံများသည် ရာဘာခြံများတွင် ညအိပ်စောင့်မနေရဲကြတော့ဘဲ စိုးရိမ်ကြောက်လန့်နေရသည်ဟု သံတောင်မြို့ရှိဒေသခံတစ်ဦးကလည်း ယခုလိုပြောသည်။

“သူတို့တောနင်းရှာတာ PDF ကိုရှာတာဖြစ်နိုင်သလို၊ တခြားလုံခြုံရေးကိစ္စလည်းရှိလိမ့်မယ်။ ရွာသားတွေကိုလည်း အသွားအလာတင်းကြပ် စစ်ဆေးနေလို့ အဲ့နားတစ်ဝိုက်က လူတွေကတော့ ကြောက်လန့်နေရတာပေါ့။ အရင် ကဆို ပြည်သူရယ်စစ်၊ တပ်ရယ်၊ ရန်သူရယ်ရှိပေမယ့် အခုက စစ်တပ်နဲ့ရန်သူပဲရှိတော့တာ။ ပြည်သူဆိုတာ ပျောက်သွားပြီ။ သူတို့က ပြည်သူကို ရန်သူလိုဆက်ဆံနေတဲ့အခါကျတော့ စစ်သားဆိုမြင်တာနဲ့ ကြောက်လန့်နေရတယ်။”ဟု အဆိုပါ တောင်ငူဒေသခံက ပြောသည်။

သံတောင်-ဘောဂလိလမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး တောင်ငူခရိုင်၊ တပ်မဟာ(၂)နှင့် သံတောင်မြို့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်သို့ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက်နေ့ကလည်း သံမိုးတောင်တပ်စခန်းအနီး ထင်းခွေသွားသော အမျိုးသမီးတစ်ဦး စစ်ကောင်စီဘက်မှထောင်ထားသော မိုင်းထိ‌မှန်၍သေဆုံးသွားခဲ့ပြီး ယခင်နှစ်နိုဝင်ဘာ(၂၆)ရက်နေ့တုန်းကလည်း သံမိုးတောင်ကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာနေရသော ဒေသခံ(၄၀၀)ကျော်သည်လည်း အနီးအနားရှိကျေးရွာများတွင် လက်ရှိအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်သည်။