Home သတင်း တပ်မဟာ(၃)နယ်မြေအတွင်း ဆယ်ရက်ကျော်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၄၇ဦးသေဆုံးခဲ့ဟု KNU ထုတ်ပြန်

တပ်မဟာ(၃)နယ်မြေအတွင်း ဆယ်ရက်ကျော်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၄၇ဦးသေဆုံးခဲ့ဟု KNU ထုတ်ပြန်

669

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၃)တွင် ဇန်နဝါရီလ(၁)ရက်မှစ၍ (၁၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO)များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ်ဘက်မှ (၄၇)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။

ယခုလ ၁၅ ရက်တာအတွင်း KNLA တပ်မဟာ(၃) ၏ တပ်ရင်း(၈) တပ်ရင်း(၉) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း(၃)၊ (KNLA) လက်အောက်ခံ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၅၅)ကြိမ်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူး (၁)ဦးအပါအဝင် (၄၇)ဦးခန့် သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အတည်မပြုနိုင်သေးသည့် ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်များက ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ် မူး (မုန်း) မြို့နယ် အုပ်ချုပ်နယ်မြေများအတွင်းသို့ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသောကြောင့် အမျိုး သမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ(၅,၀၀၀)ကျော်မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထို့အတူ ဇန်နဝါရီလ(၃)ရက်မှ (၁၇)ရက်နေ့အထိ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ကျောက်ကြီး မြို့နယ်တွင် တပ်စွဲ ထားသည့် ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တပ်တို့သည် အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာများ တွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး အလုံးရေစုစုပေါင်း (၃၁)လုံး ပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူလူထု၏ နေအိမ် (၂) လုံးနှင့် ထင်းပုံတစ်ပုံပျက်စီးခဲ့ရပြီး၊ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ရက်နေ့တွင်လည်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် မတောကုန်းကျေးရွာအနီးတွင် (၂)လုံး၊ ကျွဲချိုအင်း ကျေးရွာအနီးတွင် (၂) လုံး နှင့် နယွဲပင်ကျေးရွာတွင်(၂)လုံး စုစုပေါင်း(၆)လုံး ကျရောက်ပေါက်ကွဲခဲ့သေးသည်။ နယွဲပင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးသည် နော်ခင်မြ၏အိမ်ကိုထိမှန်ပေါက်ကွဲခဲ့ပြီး ရွာသူနော်ခင်မြဆိုသူ၏ အိမ်နှင့်ထင်းပုံအား မီးလောင်ပျက်စီးသွားခဲ့သေးသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။