Home သတင်း သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဖမ်းဆီး

သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို တော်လှန်ရေးပူးပေါင်းအဖွဲ့ဖမ်းဆီး

736
Photo: Crd.

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသော သုံးဘီးဆိုင် ကယ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးဖမ်းဆီးမိကြောင်း ယနေ့ ဇန်နဝါရီလ ၁၆ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်က ဒေသခံအသွင်ယူပြီး သုံးဘီး ဆိုင် ကယ်တွင် ဝှက်၍ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကိုငြိမ်းချမ်း၊ ကိုဇော်မင်းအောင်၊ ကိုအောင်မျိုးနိုင်၊ ကိုအောင်သူတို့(၄)ဦးကို သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)၊ Kaw Thoo Lei Army၊ ထားဝယ်ခရိုင်တပ်မတော်(T1)စသည့် တပ်ပေါင်းစုအဖွဲ့တို့မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)မှ ပြန်ကြားရေးတာဝန်ခံဖြစ်သူက “ အဲ့ဒီဘက်မှာ ပိတ်ထားတာက၊ ဘောလုံးကားတွေကို အဓိကထား ပိတ်ထားတာပါ။ ကျန်တဲ့ပြည်သူလူထု စားဝတ်နေရေးအတွက် သွားလာ လှုပ်ရှားနေတာကိုတော့ ခွင့်ပြုထားပါတယ်။ အဲ့ဒါကိုသူတို့က ပြည်သူပုံစံအသွင်ယူပြီး လာတာပါ။ ကျနော်တို့ ကတော့ သွားလာခွင့်ပြုထားပြီးတော့ စစ်ဆေးမှုတွေတော့ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးရမိတဲ့ သူတွေကိုလည်း ဥပဒေအတိုင်းဆောင်ရွတ်သွားမှာပါ၊၊” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ဖော်ပြပါ အမျိုးသား (၄) ဦးနှင့်အတူ သုံးဘီးဆိုင်ကယ် (၁) စီး၊ ဆိုင်ကယ် (၁) စီး၊ WY မူးယစ်ဆေးပြား (၄,၀၀၀) ၊ ဖုန်း (၃) လုံး၊ မြန်မာငွေ (၁,၃၆၅,၅၅၀) ကျပ် နှင့် ဆေးခြောက်နှစ်ထုပ်ကိုလည်း သိမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ထားဝယ်-ထီးခီးကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး ခရီးသွားပြည်သူများအနေဖြင့်လည်း ၎င်းလမ်းပိုင်းအား ညဘက်သွားလာခြင်း မပြုရန်နှင့် စစ်ရေးသတင်းများကို အမြဲနားစွင့်ထားရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များဘက်က သတိပေးထုတ်ပြန်ထားသည်။