Home သတင်း မြဝတီမြို့နှင့်အနီးဝန်းကျင်တွင် ပစ်ခတ်မှုများရှိနေသော်လည်း အာဝါဒေးလောင်းကစားဝိုင်းများတွင် လူစည်းကားဆဲ

မြဝတီမြို့နှင့်အနီးဝန်းကျင်တွင် ပစ်ခတ်မှုများရှိနေသော်လည်း အာဝါဒေးလောင်းကစားဝိုင်းများတွင် လူစည်းကားဆဲ

854
Photo: CJ

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ ဇန်နဝါရီလ(၁၅)ရက် ည(၉)နာရီအချိန်ခန့်တွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သော်လည်း အာဝါဒေးလောင်းကစားဝိုင်းများတွင်မူ လူစည်ကားလျက်ရှိနေကြောင်း မြဝတီ မြို့ခံများက ပြောသည်။

မြဝတီ−ကော့ကရိတ် အာရှလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသော်လည်း သောင်ရင်း မြစ်ကမ်း နံဘေးတစ်လျှောက်တွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ပိုင်ဖြစ်သည့်် ကာစီနိုလောင်းကစားရုံများနှင့် မြဝတီမြို့ အတွင်းရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိုမိုများပြားလာပြီး ညစဉ် ပွဲထဲမှ ဆူညံသည့်အသံများ ထွက်ပေါ်လျက်ရှိနေသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မနေ့ညက (၉)နာရီလောက်မှာ သေနတ်သံ(၅)ချက်ကြားတယ်။ ဘယ်အဖွဲ့အစည်းနဲ့ပစ်တာလဲတော့ မသိရဘူး။ မြို့အပြင်ဘက်ခြမ်းက ကြားရတာ။ မြဝတီမှာက သေနတ်သံပဲကြားကြား ဗုံးပဲပေါက်ပေါက် ဖဲဝိုင်းတွေ၊ အံကလုံ ဝိုင်းမှာတော့ လူတွေအများကြီးပဲ။ ပွဲသံတော့ကြားနေတာပဲ။ ညညဆို ပွဲကအသံကျယ်တာ တော်ရုံ အိပ်လို့မရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြဝတီမြို့အနီးအနားဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ကာစီနိုဝိုင်းများ၊ အာဝါဒေး လောင်ကစား ဝိုင်းများတွင် လူစည်ကားနေရခြင်းမှာ ဒေသခံလူငယ်များ ပြည်သူများအနေဖြင့် လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် အာရုံလွဲပြောင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း မြို့ခံများက ဝေဖန်ပြောဆိုကြသည်။

မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “မြဝတီမှာက ဒလန်တွေလည်းများတယ်။ BGF တွေက လောင်းကစားဝိုင်း တွေလုပ်ပေးတော့ လူငယ်တွေအကြိုက်လည်းဖြစ်တယ်လေ။ အဓိက ကျမထင်တာက တော်လှန်ရေး မလုပ် ရင်ပြီးရော ကျန်တာဆေးပဲသုံးသုံး အကုန်လွှတ်ထားပေးတာ”ဟု ကေအိုင်စီသို့ မှတ်ချက်ပြုပြောဆိုသည်။

အလားတူ မြဝတီမြို့ပြင်ဘက် သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင် နယ်ခြားစောင့်တပ် (BGF) တပ်များပိုင်သည့် ကာစီနိုရုံများ၊ မြို့အတွင်းထဲရှိ အာဝါဒေးလောင်းကစားရုံများသည် ယခင်လများထက် ပိုမိုများပြားလာလျက်ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။

မြဝတီမြို့အတွင်းနှင့် မြို့ပြင်ဒေသများတွင် ယခင်က ဗုံးပေါက်ကွဲမှုများ၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်မှုများမကြာခဏ ဖြစ်ပေါ်ခဲ့သလို လက်ရှိတွင် ပစ်ခတ်မှုအကြီးစားများ မရှိတော့သော်လည်း မကြာသေးခင်ရက်ပိုင်းများက မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပေါ်ခဲ့သေးသည်။