Home သတင်း တိုက်ပွဲပြင်းထန်သဖြင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းအားအသုံးပြုမှု ၈ ရက်တာ တားမြစ်ကြောင်း KNU ထုတ်ပြန်

တိုက်ပွဲပြင်းထန်သဖြင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းအားအသုံးပြုမှု ၈ ရက်တာ တားမြစ်ကြောင်း KNU ထုတ်ပြန်

606

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းအား ယခုလ ၁၆ ရက်မှစ၍ လာမည့် ၂၃ ရက်နေ့အထိ ၈ ရက်တာသွားလာမှုမပြုရန် KNU က ယနေ့ ထုတ်ပြန်ထားသည်။

လက်ရှိ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နယ်မြေအတွင်းတိုက်ပွဲပြင်းထန်နေ သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရန် အလွန်အန္တရာယ်ရှိ သော ကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းသွားလာအသုံးပြုနေသည့် ခရီးသည် တင်ယာဉ်များအနေဖြင့် ယခုလ ၁၆ ရက်မှစ၍ ၂၃ ရက်နေ့အထိ လုံးဝ သွားလာခြင်း မပြုရန် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အပေါ် အမည်မဖော်လို ဒေသခံတစ်ဦးက “အခုက နှစ်ဖက်စစ်ရေးတင်းမာမှုက ရှိနေတုန်းပဲ။ အခုက ခံစစ်ထက်တိုက်စစ်ကို လုပ်ဖို့သူတို့မှာ အစီအစဉ်ရှိတယ်လို့ ကြား မိတယ်။ အဲ့အတွက် လက်နက်ကြီးကျည်တွေ မထိအောင်လို့ ဒေသခံတွေကို အပြင်တွေ မထွက်ဖို့ မှာထားတာရှိတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမရှိသေးသော်လည်း အဆိုပါ သတိပေး စာထုတ်ပြန်ပြီးနောက်ပိုင်း လက်ရှိတွင် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို အသုံးပြုသွားလာသူ မရှိတော့ကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြာအင်း ဆိပ်ကြီး မြို့နယ်၊ သမင်လှည့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာ၍ ဒေသခံအမျိုးသား ၁၀ ဦးကျော် ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သလို လက်ရှိတုလေးကုန်းကျေးရွာမှ ဒေသခံရွာသား တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နီးစပ်သည့် ဒေသခံများမှ တဆင့် သိရသည်။

ထိုသို့ ဖမ်းဆီးမှုပြုရခြင်းမှာ ဒေသခံရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက် ဖြစ်သလို အဆိုပါ ကျေးရွာများတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသောကြောင့် နေအိမ်အတွင်းရှိ အဖိုးတန် ပစ္စည်းများ လည်း ဖောက်ထွင်းခိုးယူခံနေရပြီး နေအိမ်နှစ်လုံးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း အမည်မဖော်လိုသည့် သမင်လှည့် ဒေသခံ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့ မနေ့ တစ်နေ့က စစ်တပ်က အမျိုးသား ၁၀ ယောက်ကျော် လောက် ဖမ်းလိုက်တယ်။ ပြီးတော့ ညပိုင်းသူများအိမ်တွေလိုက်ဝင်ပြီး လိုက်ဖျက်ဆီး တာလုပ်တယ်။ အလှူငွေတွေဆိုလည်း ယူပစ်လိုက်တယ်။ သိန်း ၄၀ လောက်ပါသွား တယ်။ ပြီးတော့ ဝက်တွေ၊ ကြက်တွေလည်း ပစ်သတ်စားသွားသေးတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိ ကေအဲန်ယူ၏ သတိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီဘက်မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန် လာနိုင်ကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စတင်ဖြစ်ပေါ်နေသည့် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း တိုက်ပွဲမှ ယမန်နေ့အချိန်ထိ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ နှစ်ဖက် စစ်ရေး တင်းမာမှုများရှိနေသေးသောကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်ကြောင်းနှင့် ၎င်း တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံများလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။