Home သတင်း ရွာတွင်းပြန်လည်နေထိုင် ခွင့်ပြု‌‌သော်လည်း ရွာသားများ ပြန်နေမရဲဖြစ်နေ

ရွာတွင်းပြန်လည်နေထိုင် ခွင့်ပြု‌‌သော်လည်း ရွာသားများ ပြန်နေမရဲဖြစ်နေ

549

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲကြောင့် စစ်ရှောင်နေကြရသော ကော့ကရိတ်မြို့အနီး ကျေးရွာများတွင် ပြီးခဲ့သည့် အပတ်က နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ လာရောက်တပ်ချထားပြီးနောက် တိမ်းရှောင်နေကြသည့် ရွာသူ/ရွာသားများအနေဖြင့် ပြန်လာနေထိုင်၍ရပြီဟု အသိပေးပြောဆိုသော်လည်း ရွာသားများမှာ ပြန်နေထိုင်မရဲဖြစ်နေကြောင်း သိရသည်။

ယခင်နှစ် ဒီဇင်ဘာလလယ်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား‌နေ၍ ကော့ကရိတ်မြို့ အနီးရှိ ရွာသစ်ကုန်း၊ အံကလော်၊ ကော့နွဲ၊ မြို့ဟောင်း၊ ရွာသစ် စသည့်ကျေးရွာများမှ ဒေသခံရွာသားများအားလုံး ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပြီးနောက် ၁ လအကြာ ပြီးခဲ့သည့်ရက်အနည်းငယ်တွင် BGF တပ်ဖွဲ့ဝင်များသည် တံတန်ကူး ကျေးရွာ၊ ကော့နွဲကျေးရွာ၊ ‌ကော့ကရိတ်-မြဝတီ လမ်းတစ်လျှောက်တွင် အင်အားအများအပြား လာ‌ တပ်ရောက်တပ်ချကာ ရွာသားများအနေဖြင့် မိမိရွာသို့ ပြန်လာနေထိုင်ခွင့်ပြုပြီဟု အသိပေးလာသော်လည်းမည် သည့်လက်နက်ကိုင် အဖွဲ့မရှိမှသာလျှင် ပြန်‌နေထိုင်ရဲမည်ဟု ဒေသခံများက ပြောသည်။

ဒေသခံရွာသားတစ်ဦးက “ရွာတော့ ပြန်ချင်တာပေါ့။ ရွာထဲမှာ BGF တပ်တွေ လာနေပြီး စစ်ကောင်စီ တပ်တွေက ရွှေကြက်မင်းဘုရားကို ရွှေ့လာတယ်ကြားတယ်။ ရွာမှာပြန်‌နေလို့ရဲရင် ပြန်နေလို့ရပြီး ပြောတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ရွာထဲမရှိရင် ပြန်လို့ရဲမယ်။ လက်နက်ကိုင် အဖွဲ့တစ်ခုခု ရှိရင် ပြန်‌လို့မရဲဘူး။ မနေ့က မိုင်းတစ်လုံး ပေါက်ကွဲသေးတယ်။ ဘာထိလဲတော့ မသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

BGF တပ်ဖွဲ့အနေဖြင့် စစ်ဘေးရှောင်နေကြရသော ဒေသခံအရပ်သားပြည်သူများအား နေရပ်ပြန် စေလိုပါက ယခုလို အင်အားအများအပြားဖြင့် မချထားသင့်ကြောင်းလည်း အခြားသော ဒေသခံရွာသားတစ်ဦးကလည်း ယခုလိုပြောသည်။

“ အခုက BGFတပ်တွေ အင်အား အများအပြား၊ နေရာအနှံ့ တပ်ချထားတယ်။ တစ်တန်ကူး‌ကျေးရွာ၊ ကော့နွဲကျေးရွာ၊ ကော့ကရိတ်-မြဝတီအာရှလမ်း တောက်လျှောက်‌တပ်ချထားတယ်။ အစီအစဉ်တစ်ခုခုရှိမလားမသိဘူး ”ဟု ၎င်းက ပြောသည်။

နယ်ခြားစောင့်တပ်(BGF)တပ် ရွာတွင်း တပ်ချထားပြီးနောက်ပိုင်းတွင် ရွာသားအချို့ နေ့လည်ပိုင်း ရွာပြန်ကြည့်သူရှိသော်လည်း အခြေအနေလုံးဝတည်ငြိမ်လာမှသာလျှင် အိမ်ကို ပြန်နေထိုင်နိုင်မည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

“ပြန်နေလို့ရတယ်၊ သန့်ရှင်းရေးပြန်လာလုပ်လို့ရတယ်။ သူတို့ကြားမှာနေမပျော်ရင် လုံခြုံ တဲ့နေရာပြန်လာအိပ်ပေါ့။ ကျွဲ၊ နွားတွေပြန်လာရှာ ဘာမှမဖြစ်ဘူး။ အခြေနေတော့ နားထောင် ကြည့်မယ်။ အခုရွာသားတွေတော့ အိမ်တွေ၊ တိရစ္ဆာန်တွေ ပြန်ကြည့်လို့ရဲပြီး။ အခြေအနေ တည်ငြိမ်သွားရင် BGF တွေ ပြန်ဆုပ်ပေးဖို့ မျှော်လင့်ပါတယ်”ဟု ‌ရွာခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်မြို့အနီးအဝိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာမူ တိုက်ပွဲများ တကျော့ပြန် ပြန်လည်ပြင်းထန်လာသဖြင့် ဒေသခံရွာသား ၄၀၀၀ ကျော် အသက်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကာ ယခုချိန်ထိ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်း တိုက်ခိုက်မှုပါ လုပ်ဆောင်သည့်အတွက် သံဃာတော်အပါအဝင် အရပ်သား ၃ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်အများအပြားလည်း လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြရသည်။

ထို့အပြင် လက်နက်ကြီးကြောင့် လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးပြီး နေအိမ် ၁၀ လုံးကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံအရပ်သားပြည်သူများထံမှ သိရသည်။