Home သတင်း ကော့ဘိန်းရဲကင်းစခန်း တိုက်ခိုက်မီးရှို့ခံရပြီးနောက် NLD ပါတီ၀င်အချို့နှင့် CDM ၀န်ထမ်းအချို့ ဖမ်းဆီးခံရ

ကော့ဘိန်းရဲကင်းစခန်း တိုက်ခိုက်မီးရှို့ခံရပြီးနောက် NLD ပါတီ၀င်အချို့နှင့် CDM ၀န်ထမ်းအချို့ ဖမ်းဆီးခံရ

692
Photo: CJ

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်း-ကော့ပေါက်ကျေးရွာ၊ ကော့တာအပိုင်းရှိ ကော့ဘိန်းရွာတွင်း ရဲကင်းစခန်း ၀င်ရောက်တိုက်ခိုက်မီး ရှိုခံရပြီးနောက်ပိုင်း ၎င်းရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၀င် တစ်ချို့ နှင့် CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ၀န်ထမ်းအချို့ ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့လည် ၁၂ နာရီကျော်က လောင်းကစားဝိုင်းနှင့် ရဲကင်းစခန်း ၀င်ရောက် ဖျက်ဆီးမီးရှို့ စီးနင်းစဉ် ကော့ဘိန်းကျေးရွာ၊ ရွာသား ထိခိုက်သေဆုံးဒဏ်ရာရှိမှုရှိခဲ့ပြီးနောက်ပိုင်းရက်များတွင် ကျေးရွာနေထိုင်သည့် NLD ပါတီ၀င်အချို့နှင့် CDM ၀န်ထမ်းအချို့အား စစ်ကောင်စီမှ ဖမ်းဆီးခံထား ရသည့်အတွက် ဆက်လက် ဖမ်းဆီးခံရမည့်အရေး စိုးရိမ်ကြသဖြင့် ဒေသခံအချို့ ရှောင်တိမ်းနေထိုင် နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲ ဖြစ်ပြီးတဲ့ နောက်ရက်မှာ စစ်တပ်က ရွာထဲက ကော့ဘိန်းဆေးရုံ၊ မီးရှို့ခံရတဲ့ ကော့ဘိန်းရဲစခန်း နေရာတွေမှာ အထိုင်ချနေရာယူပြီးတော့ ရွာ၀င်ရွာထွက် လမ်းတွေကို စစ်တပ်က ထိန်းချုပ်စစ်ဆေးနေတယ်။ ပြီးတော့ ၁၇ ရက်၊ ၁၈ရက်၊ ၁၉ ရက်တွေ မှာရွာက NLD ပါတီ၀င်တွေ၊ NLD ထောက်ခံခဲ့တဲ့သူတွေထဲက ၄ ဦး ဖမ်း ဆီးခံရတယ်။ နောက် CDM ၀န်ထမ်းတစ်ဦး ပါထပ်အဖမ်းခံရတယ်။ ပေါင်း ၅ဦး လောက်လောလောဆယ် ဖမ်းဆီးခံထားရပြီ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အဖမ်းခံရသူများသည် လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်ပြတ်နေပြီး ဆက်လက်အဖမ်းရမည်ကို စိုးရိမ်ကြသဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းက ၀င်ကူညီခဲ့သူများလည်း တိမ်းရှောင်ကြကုန်ပြီဟု ထိုဒေသခံက ဆက်ပြောသည်။

ကော့ကရိတ်ဒေသ ကျုံဒိုးကျေးနယ်အပိုင်အတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများကျယ်ပြန့်စွာ ဖြစ်ပွားလာနေသည့်အတွက် ကရင်တိုင်းရင်းသားကျေးရွာများဘက်တွင် သာမက ပအိုဝ်း တိုင်းရင်းသားကျေးရွာများဖြစ်သော အီဘိုင်း၊ ထီဖူးကလောင်နှင့် မွန်တိုင်းရင်းသားကျေးရွာ ကော့ဘိန်း၊ ကော့ပေါက်မင်းရွာ၊ ကမ္မရိုက် ဒေသများဘက်အထိပါ ဒေသခံများ၊ CDM ပြုလုပ်ဆန့်ကျင်သူများအား စစ်တပ်က ဖမ်းဆီးရန် ရှာဖွေစစ်မေးခြင်းများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း ဒေသခံ ဒေသခံများက ပြောသည်။

Photo: CJ

ဒေသခံ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက “ တိုက်ပွဲဖြစ်ပြီဆိုရင် နောက်ဆက်တွဲက ရွာတွေဘက်က NLD ပါတီ နဲ့ ပတ်သက်ဖူးသူတွေ စဖမ်းတော့တာပါပဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေး ဝိုင်းလုပ်ခဲ့တဲ့သူတွေ အငြိုးခံရတယ်၊ စီးပွားရေး သမားတွေ၊ စျေးဆိုင်တွေ၊ နာမည်တွေ လိုက်မေးနေတယ်၊ စစ်တပ်က ဖမ်းဖို့ကို ရွာကသတင်းပေး ဒလန်လုပ်သူတွေနဲ့ စစ်တပ်က ဆက်ဖမ်းဖို့ လုပ်နေတော့ ကျနော်တို့ ရပ်ရေး၊ ရွာရေးလုပ်တဲ့ CSO တွေတောင် ရှောင်နေရတယ်၊ ”ဟု ပြောသည်။

အဆိုပါ ကော့ဘိန်း-ကော့ပေါက်ကျေးနယ်တွင် ကော့ကရိတ်ခရိုင်နှင့် မွန်ပြည်နယ်အပိုင် နယ်မြေ ချင်းဆက်နေ သည့် မွန်တိုင်းရင်းသားအများစု နေထိုင်သော ကျေးရွာများဖြစ်ပြီး မွန်ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့ ၊ မွန်ပြည် သစ်ပါတီ နယ်မြေရုံး အခြေစိုက်လှုပ်ရှား သွားလာရာဒေသ ဖြစ်သော်လည်း မွန်လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ဒေသခံမွန်တိုင်းရင်းသား လူထုအခက်အခဲများအား ဖြေရှင်းကာကွယ်ပေးနိုင်မှုတစ်စုံတစ်ရာ မတွေ့ရှိသည့်အပေါ် ဒေသခံများ အခက်တွေ့နေကြကြောင်း ဒေသခံရွာသားများက ပြောသည်။

ယခုရက်ပိုင်းတွင်လည်း ကျုံဒိုးအခြေစိုက် ၅၄၅/၅၄၆ စစ်ကောင်စီတပ်များမှ ကျုံဒိုးအနောက်ဘက်ကမ်း မွန်တိုင်း ရင်းသားကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်နေသည့်အတွက် ဒေသခံများနေအိမ်ပျက်စီးမှုနှင့် ထိခိုက် သေဆုံးမှုများလည်းရှိနေကြောင်း ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ ဒေသခံများ၏ ပြောစကားအရ သိရသည်။