Home သတင်း ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ညအချိန် မြို့တွင်းကင်းပုန်းဝပ်နေရာယူခြင်းများ လုပ်ဆောင်လာ

ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ညအချိန် မြို့တွင်းကင်းပုန်းဝပ်နေရာယူခြင်းများ လုပ်ဆောင်လာ

697

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန် များတွင် မှောင်ရိပ်ခို၍ ကင်းပုန်းဝပ် နေရာယူဆောင်ခြင်းများပြုလုပ်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းဂွနှင့် ကမ်းနားလမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုလဇန်နဝါရီလ ၁၇ ရက်လောက်ကစတင်ပြီး ညဘက်အချိန် လူမမြင်နိုင်သောနေရာများတွင် မှောင်ရိပ်ခိုကာ ကင်းပုန်းဝပ်ခြင်း များကို ပြုလုပ်လျက်ရှိနေပြီး ယခင်က ယခုလို ကင်းပုန်းဝပ်ခြင်းမျိုးမရှိကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “လေးရက်လောက်တော့ရှိပြီး သူတို့အခုလို မှောင်ရိပ်ခိုပြီးစောင့်နေတာက။ ဘာကြောင့်လဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး။ ညအချိန်တွေပဲသူတို့က အဲ့လိုလာစောင့်ကြတာ။ ကျနော်လည်း အဲ့ဒီနေ့က လမ်းသွားရင်း ရုတ်တရက်မြင်လိုက်တာ။ အမှောင်ထဲမှာပဲ ဟိုနေရာတစ်စု ဒီနေရာတစ်စု။ တစ်နေရာကို နှစ်ယောက်၊ သုံးယောက်လောက်ရှိတယ်၊၊”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မှောင်ရိပ်ခိုပြီး ကင်းပုန်းဝပ်လာခြင်းကြောင့် မြို့တွင်း ပြည်သူများအနေဖြင့် ညအချိန် စိတ်မလုံခြုံဘဲ သွားလာနေရကြောင်းလည်း အဆိုပါ ထားဝယ်မြို့ခံက ဆက်ပြောသည်။

ယခုလို ညဘက်အချိန် ကင်းပုန်းဝပ်နေရာယူ စစ်ဆေးမှုများ ပြုလုပ်လာခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရင်း တစ်စုံတစ်ရာ မသိရှိရသော်လည်း ယခုလိုလုပ်ဆောင်လာခြင်းကြောင့် ပြည်သူများအနေဖြင့် လမ်းသွား လာရာ တွင် စိတ်မလုံခြုံမှုများစွာနှင့်ကြုံတွေ့နေရကြောင်း ထားဝယ်မြို့နေ နောက်ထပ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အရင်က အခုလိုမျိုးတွေ လုပ်တာမရှိဘူးလေ။ အခုဆို ဘယ်နေရာကြည့်ကြည့်၊ ဘယ်နေရာသွားသွား၊ နေ့ဘက်ရော ညဘက်ရော၊ သူတို့ကြီးပဲ။ အခုက ညဘက်အထိ အဲ့လို ပုံစံမျိုးတွေပါလုပ်နေတာဆိုတော့ ပိုဆိုးတာပေါ့။ နေ့ဘက်တွေတောင် သူတို့က ပိုက်ဆံတောင်းလိုက်၊ ဘာလိုက်နဲ့ စိတ်ဒုက္ခတော်တော်ပေးတယ်။ စိတ်လုံခြုံမှုလေးတောင်မပေးနိုင်တာ အခုတိုင်းပြည်ပါ အုပ်ချုပ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်မတော် သေနတ်ပစ်ဖောက်မှုများကို လုပ်ဆောင်လျက်ရှိပြီး ၊ ဒေသခံ ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး နှိပ်စက် စစ်ဆေးခြင်းများ ရပ်ကွက်အတွင်း ကင်းလှည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။