Home သတင်း မွန်ရွာအချို့တွင် အကြောင်းအရင်းမရှင်းပြဘဲ အိမ်ထောင်စုစာရင်း ကောက်ယူမှုများပြုလုပ်နေ

မွန်ရွာအချို့တွင် အကြောင်းအရင်းမရှင်းပြဘဲ အိမ်ထောင်စုစာရင်း ကောက်ယူမှုများပြုလုပ်နေ

760
Photo: Crd.

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မွန်ကျေးရွာများတွင် အကြောင်းအရင်းမရှိဘဲရပ်ကွက် အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူမှုများပြုလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာအုပ်စုအတွင်းရှိ မွန်ရွာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းအရင်းမရှင်းပြဘဲ အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေမှုများ ပြုလုပ်နေကြောင်း ကွမ်တာကျေးရွာအတွင်း နေထိုင်သူတစ်ဦးက ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ရက်က မဲပေးဖို့လား ဘာလားတော့မသိဘူး။ အိမ်ထောင်စုစာရင်း တွေလိုက်ကောက်နေတယ်။ ဘာအတွက်ကောက်တာလည်းမေးတော့ သူမပြောဘူး။ အိမ်ထောင်စုစာရင်းလိုက် ကောက်တာ ကတော့၊ အုပ်ကြီးတစ်ယောက်တည်းပဲ။ အကြောင်းရင်းမရှိဘဲ အဲ့လိုလာကောက်တော့ စိတ်ထဲခုတာပေါ့။ ဘာဖြစ်မလဲဆိုတာကိုလည်းမသိရတော့ စိုးရိမ်တာ‌တော့ အမှန်ပဲ။ ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့နှပ်ကျေးရွာအုပ်စုအတွင်းရှိ ကတိုးကျေးရွာတွင်လည်း မဲပေးရမည်ဟုဆိုကာ တစ်အိမ်ဝင် တစ်အိမ်ထွက်မပေးမနေရ ပုံစံမျိုးဖြင့် နာမည်စာရင်းများ လိုက်လံကောက်ယူခြင်းများလည်း ရှိနေကြောင်း ၎င်းကျေးရွာအတွင်းနေထိုင်သူများက ပြောသည်။

ရွာသားတစ်ဦးက “အိမ်မှာ နေ့လည်ဘက်လောက်လာကောက်ကြတာ မဲထည့်ဖို့အတွက်လို့တော့ ပြောတာပဲ။ မဲစာရင်းက လူတိုင်းဆန္ဒမဲထည့်ရမယ်။ မပေးမနေရပုံစံမျိုး။ ဒီအနီးအနားရွာက လူတွေဆို ဘာကြောင့် အိမ်ထောင်စုစာရင်း ကောက်လည်းတောင် မသိကြရဘူး။”ဟု ပြောသည်။

မွန်ပြည်နယ်တွင်သာမက ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အုပ်ချုပ်ရေးမှူး လစ်လပ်နေသည့်အတွက် မဲစာရင်းကောက်ရန် စစ်တပ်ထောက်ခံသူအချို့နှင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်မှ ဧည့်စာရင်းစစ်ဆေးကောက်ခံသည့်ပုံစံ‌ဖြင့် လှည့်လည်စစ်ဆေးကောက်ခံမှုမျိုးလုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်၊၊

စစ်ကောင်စီအနေဖြင့် ယခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုထားပြီး ပြင်ဆင် မှုအချို့လည်းပြုလုပ်နေကာ ၎င်းတို့ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကလည်း နိုင်ငံရေးပါတီများကို စိစစ်ပေးရန် ယခင် ၂၀၂၁ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ပြည်ထဲရေးကိုအကြောင်းကြားခဲ့သည်။ နိုင်ငံရေးပါတီတချို့ကိုလည်း ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေကောက်ခံပုံ၊ လှုပ်ရှားမှု၊ မတရားအသင်းကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိမရှိစသည်တို့ကို လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့သည်။