Home သတင်း ကြားကာလပညာရေးကျောင်း၏ ကျောင်းစုံညီပွဲသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ကြားကာလပညာရေးကျောင်း၏ ကျောင်းစုံညီပွဲသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ ဂုဏ်ပြုသဝဏ်လွှာပေးပို့

508

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ လက် အောက်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်း၏ ကျောင်းစုံညီပွဲသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ(DYC)က ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀နေ့တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

စစ်ကောင်စီမှအာဏာသိမ်းယူထားသော အခက်အခဲကာလတွင် တစ်ခုအပါအဝင်ဖြစ် သော ပညာရေးကဏ္ဍဖော်ဆောင်ရန်အတွက် အခက်အခဲများကြားမှ ယခုလို ကျောင်းမျိုးပေါ်ပေါက်လာစေရန် ရုန်းကန်ဖွင့်လှစ်ပေးခဲ့သော စီစဉ်ဆောင်ရွက်သူများ၊ သင်ကြားတက်ရောက်ပေးသူများ၏ ကျေးဇူးမှာကြီးမားကြောင်း သဝဏ်လွှာတွင် (DYC)က ပြောဆိုထားသည်။

ပညာရေးသည် အမှားအမှန်၊ အကောင်းဆိုးကြောင်းကျိုးကို သိမြင်နိုင်သည့် ဉာဏ်ပညာ ဖြစ်ပြီး အမှန်တရားဘက်မှ ပြတ်ပြတ်သားသား ရပ်တည်လုပ်ဆောင်ရာတွင် လိုအပ်ရုံ သာမက နိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု၊ လူမှုရေးယဉ်ကျေးမှုတို့ကိုပြောင်းလဲရန် ပညာရေး၏အခန်းကဏ္ဍမှာ အရေးကြီးကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့အပြင် ပညာရေးသည် လက်ဆုပ်လက်ကိုင်မပြနိုင်သော သိမ်မွေ့နက်နဲသည့် အသိဉာဏ်ဗဟုသုတများအား ပေးစွမ်းနိုင်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းနှင့် ဆက်စပ်နေသည့်အတွက် မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်ရန် ရည်မှန်းချက်ထားရှိရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ပညာသင်ကြားရာတွင် ထိရောက်စေရန် မည်သည့်နည်းစနစ်ကိုသုံး၍ မည်သို့သော အသိပညာများရရှိရန် သင်ကြားပေးရမည်နည်း၊ ကျောင်းသူကျောင်းသားများအား ရရှိထားသောပညာကို ဆက်လက်ထိန်းသိမ်းနိုင်စေရန် မည်သို့ကြံဆောင်မည်နည်းတို့ကို အလေးထားစဉ်းစားရမည်ဖြစ်ကြောင်း ကြားကာလပညာရေးကျောင်း၏ ကျောင်းစုံညီပွဲသို့ ပေးပို့သော DYC၏ ဝဏ်လွှာတွင် အကြံပြုထားသည်။

ဆက်လက်၍ အနာဂတ်ကိုပြောင်းလဲရာတွင် သင်ယူမှုသည်အရေးပါပြီး ကိုယ်တိုင် လိုက်ပါပြောင်းလဲနိုင်စေရန် သင်ယူတတ်မြောက်သမျှကို သက်ဆိုင်ရာ နယ်ပယ်များတွင် ပြန်လည်အသုံးချဖို့ရာမှာလည်း အရေးကြီးကြောင်း၊ အသိပညာမြင့်မားသည့် ပညာသိမြင်ရပ်ဝန်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများ ပေါ်ပေါက်လာစေရန် အားလုံးပါဝင်ပံ့ပိုးပေးစေလိုကြောင်းလည်း DYC၏ က ပြောသည်။

အဆိုပါ ကြားကာလပညာရေးကျောင်း၏ စုံညီပွဲကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား(၉၂)ဦးအား စာပေထူးချွန်ဆု(၅၅)ဆုနှင့် အားကစားထူး ချွန်ဆု(၃၇)ဆု ချီးမြှင့်ခဲ့သည်ဟု DYC ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပုလဲမြို့နယ်ရှိ ကြားကာလပညာရေးကျောင်းကို ၂၀၂၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ပြည်တွင်းပြည်ပမှ ပြည်သူများ၏အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သူငယ်တန်းမှ အထက်တန်းထိ ကျောင်းသားသုံးရာနီးပါး တက်ရောက်သင်ကြားလျက်ရှိကာ လက်ရှိတွင် CDM ဆရာ၊ ဆရာမများ စေတနာ့ဝန်ထမ်းများက အားနည်းသည့်ဘာသာရပ်အလိုက် ညကျောင်းဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။