Home သတင်း တော်လှန်ရေးအဖွဲ့များအား လူထုထောက်ခံမှု မရှိစေရေးသတင်းမှားနှင့် ဝါဒဖြန့်မှုလုပ်ဆောင်နေ

တော်လှန်ရေးအဖွဲ့များအား လူထုထောက်ခံမှု မရှိစေရေးသတင်းမှားနှင့် ဝါဒဖြန့်မှုလုပ်ဆောင်နေ

636
Photo: Crd.

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်နေသည့်အဖွဲ့များအား ဒေသလူထု ထောက်ခံအားပေးမှုမရှိစေရေး တိုင်းပြည်အဖျက်အမှောင့်လုပ်သူများဟု စစ်ကောင်စီ ၀န်ထမ်းများအကြား ဝါဒဖြန့် ပြောဆို စည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဝါဒဖြန့် စည်းရုံးပြောဆိုမှုကို ဒေသလူထုအတွင်း တစ်ဆင့်ပြန်လည် သိရှိအောင် လုပ်ဆောင် ခိုင်းနေကြောင်းလည်း ကရင်ပြည်နယ် စစ်ကောင်စီဌာနဆိုင်ရာ ၀န်ထမ်းများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“၀န်ထမ်း အသိုင်းအဝိုင်းကတော့ အရပ်ထဲ၊ စျေးထဲနဲ့သူတို့နဲ့ နီးစပ်တဲ့ပတ်၀န်းကျင်တွေမှာ ပြန်ပြောနိုင်အောင် ဌာနဆိုင်ရာ တစ်ချို့အစည်းအဝေးတွေနဲ့ ရုံးပြင်ပအပြောအဆိုတွေမှာ KNU/KNLA ပူးပေါင်းအဖွဲ့တွေက ပြည်နယ် မြို့ရွာတွေကို ၀င်ရောက်ဖျက်ဆီးတိုက်ခိုက်တာတွေ လုပ်နေတယ်ဆိုတာမျိုး ဝါဒဖြန့်ပြောတာရှိတယ်။ အဲ့လို စကားတွေကို လူထုအကြားပြန့်သွားအောင်လည်း ဒေသခံတွေကို ပြန်ပြောခိုင်းတာမျိုးရှိနေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပြည်နယ်စစ်ကောင်စီ ၀န်ထမ်းများမှဒေသ လူထုအတွင်း သတင်းမှားဖြင့် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေသော်လည်း ဖားအံမြို့မှအပ အခြားမြို့နယ် ဒေသများဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်သေ ဆုံးမှုများပြားသည့်အခြေအနေမှန်ကိုလည်း တပ်မိသားစုများ သိရှိထားသည်ဟု ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် နီးစပ်သူက ဆက်ပြောသည်။

၎င်းက “သူတို့က ဖေ့ဘွတ်လိုင်းပေါ်က စစ်သားသေတဲ့ ပုံတွေက KNU အဖွဲ့တွေ၊ PDF အဖွဲ့တွေက သေတဲ့ အလောင်းတွေကို စစ်သားယူနီဖောင်းတွေ၀တ်ပြီး စစ်သားတွေ သေတာဆိုပြီး ဝါဒဖြန့် အလှူခံကြတာလို့ ပြောကြ တယ်။ ရှေ့တန်းရောက်နေသူတွေ တိုက်ပွဲတွေ အနိုင်ရနေကြောင်း၊ စခန်းတွေ သိမ်းနိုင်နေကြောင်း တပ်တွင်းမှာ အောင်ပွဲ သဘောမျိုး၊ စားပွဲသောက်ပွဲ မကြာခဏ လုပ်ပေးတယ်။ ပြီးရင် ရှေ့တန်းလွှတ်တယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲတွင် ဒေသခံနေအိမ်ခြံ၀င်းနှင့် ကျွဲနွား၊ ယာဉ်/ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သားဒေသခံများ သေဆုံးထိခိုက်ဒဏ်ရာရှိမှု စာရင်းများ မြှင့်တက်လာနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

Photo: Crd.