Home သတင်း ဘုရားသုံးဆူမြို့ရှိ ထွေအုပ်၊ လဝက၊ စည်ပင်နှင့် စရဖရုံးအားလုံး မီးလောင်ပြာကျ

ဘုရားသုံးဆူမြို့ရှိ ထွေအုပ်၊ လဝက၊ စည်ပင်နှင့် စရဖရုံးအားလုံး မီးလောင်ပြာကျ

670

ဇန်နဝါရီလ ၂၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် (KNU ဒူးပလာယာခရိုင်) ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံး ၄ ခု၏ အဆောက်အဦးအား ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်း အချိန်တွင် မီးလောင်ပြာကျသွားပြီးဟု မြို့ခံလူထုများထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ရုံးနှင့် စည်ပင်သာယာရေးရုံး အဆောက်အဦးများအား မနေ့ည ၉ နာရီကျော်အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးသွားပြီး ပစ်ခတ်သံမျာလည်း မြို့ပြင်တစ်ခုလုံးတွင် ကြားနေရဟု အမည်မဖော် လိုသူ မြို့ခံလူထုတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“ ထွေအုပ်၊ လဝက၊ စည်ပင်ရုံးနဲ့ စရဖရုံးတွေ အကုန်မီးလောင်ပြာကျတယ်။ ဒီမနက်မထိ မီးခိုးငွေ့တွေ မြင်ရသေးတယ်။ လက်နက်ကြီးရော၊ အသေးရော တစ်ညလုံးပစ်ခတ်သံတွေ ကြားရတယ်။ ထိခိုက် ဒဏ်ရာ ရတာတွေရှိတယ်လို့ သိရတယ်။ မြို့ပေါ်က စစ်သားတွေရော၊ ရဲတွေရော စခန်းမှာပဲ။ အပြင်ထွက်စစ်ဆေး လုပ်ဆောင်တာတော့ မမြင်ရဘူး။ မြို့ပေါ်မှာတော့ ဒီမနက် ပုံမှန်သွားလာနေကြတယ်” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောဆိုသည်။

Photo: CJ

ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထံသို့ သတင်းပေးလုပ်ဆောင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်နှင့် ဝန်ထမ်းများ CDM ပြုလုပ်ကြရန် နောက်ဆုံး အကြိမ် အဖြစ် ယခုလိုသတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရသိရသော်လည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များအနေဖြင့် တရားဝင် အသိပေးထုတ်ပြန်တာမျိုး မတွေ့ရသေးပေ။

ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် ဘုရားသုံးဆူမြို့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မက္ကသာ၊ သဗြူ၊ ကြိမ်ချောင်းနှင့် အခြားကျေးရွာများတို့တွင် စစ်တပ်မှ စစ်သုံးလေယာဉ်များဖြင့် မကြာခဏလာရောက်ဗုံးကြဲ တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း လေးဝါးဖလိုးရွာတွင် ၎င်းတို့လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပညာသင်ကြားနေဆဲဖြစ်သည့် ဒေသခံလူငယ် ဦးရေ ၂ဝဝ ကျော် ပညာသင်နှစ်မပြီးဆုံးဘဲ စာသင်နှစ် ရပ်နားထားရသည်ဟု ဒေသခံများထံမှ သိရသည်။