Home ဆောင်းပါး တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ တိုက်ပွဲကြီး တစ်စိတ်တည်းတစ်ဝမ်းတည်း ဆင်နွှဲကြ

တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ တိုက်ပွဲကြီး တစ်စိတ်တည်းတစ်ဝမ်းတည်း ဆင်နွှဲကြ

846

တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ တိုက်ပွဲကြီး တစ်စိတ်တည်းတစ်ဝမ်းတည်း ဆင်နွှဲကြ

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်)

၂၀၂၃ခုနှစ်အတွက် ပြည်သူတစ်ရပ်လုံး မဖြစ်မနေ ပါဝင်ဆင်နွှဲကြရမယ့် တိုက်ပွဲကတော့ အကြမ်းဖက်(စကစ) စစ်အုပ်စုက ပြင်ဆင်စိုင်းပြင်းနေတဲ့ “အထွေထွေ ရွေးကောက်ပွဲ” ဖြစ်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ “ရှေ့လုပ်ငန်းစဉ် (၅)ရပ်” ထဲက နောက်ဆုံးလုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတိုက်ပွဲကို တိုက်ရတာ လက်တွေ့အားဖြင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့လုပ်ငန်းကို တိုက်ဖျက်တာဖြစ်သလို “စစ်အာ ဏာရှင်စနစ် – ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုက ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက လက်မခံ ဆန့်ကျင်တိုက်ဖျက်ပစ်တယ်” ဆိုတဲ့ တစ်ပြည်လုံး လက္ခဏာဆောင်တဲ့ တိုက်ပွဲကြီးတစ်ရပ်ကို တစ်စိတ်တည်းတစ်ဝမ်းတည်း ဆင်နွှဲကြတဲ့သဘောလည်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်အာဏာရှင်စနစ်ကို ထပ်မံပြီး ပြတ်ပြတ်သားသား ရန်/ငါ စည်းသားပြမယ့် တိုက်ပွဲကြီးလည်းဖြစ်ပါတယ်။

“စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာကို တိုင်းပြည်ကို အုပ်စိုးခဲ့ကြတဲ့ (ဗိုလ်နေဝင်း – ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ – မင်းအောင်လှိုင် စတဲ့ ) ဘယ်စစ်အုပ်စုကမှ လက်တွေ့မှာ မှန်မှန်ကန်ကန် သွေးရိုးသားရိုး အကောင်အထည်ဖော်ပေးခဲ့ကြခြင်း လုံးဝ မရှိခဲ့ပါဘူး။ “စစ်အာဏာရှင်စနစ်” ဖုံးကွယ်ပေးဖို့၊ အပေါ်ယံအလှခြယ်ပေးဖို့၊ ပြည် တွင်းပြည်ပကို လှည့်ဖြားဖို့ ဟန်ပြအတုအယောင် “ပါတီစုံ ဒီမိုကရေစီစနစ်” ဆိုတာကိုပဲ လက်တွေ့လုပ်ဆောင်ခဲ့ကြတာပါ။ ပြည်သူတွေက စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ ရင်ဆိုင်စီးချင်းထိုးကြတဲ့အခါမှာ စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်ပါတီတွေ၊ စပွန်ဆာပါတီတွေဟာ ခွက်ခွက်လန်လန်အောင် ရှုံးနိမ့် ကုန်ပါတယ်။ တစ်ကြိမ်တစ်ခါထဲ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ရှိပါပြီ။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာလည်း (နဝတ) စစ်အုပ်စုဟာ သူတို့မျှော်မှန်းထားတဲ့ ရလဒ်ထွက်မလာတဲ့အတွက် တခဲနက် အနိုင်ရတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)ပါတီကို အာဏာလွှဲပြောင်း မပေးခဲ့ပါဘူး။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ စစ်အုပ်စုရဲ့ တစ်လက်ကိုင်တုတ် ကြံ့ဖွံပါတီအစိုးရဟာ သောင်ပြိုကမ်းပြို အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဒါကလည်း ၂၀၀၈ အခြေခံ ဥပဒေနဲ့ဖုံးကွယ်အသွင်ယူထားတဲ့ စစ်အာဏာရှင်စနစ်ကို အခြေကျဖို့ မြေစမ်းခရမ်းပျိုးနေရ တဲ့ အခိုက်အတံ့ကာလမို့လို့၊ ပြည်တွင်းပြည်ပကို အယုံသွင်းလှည့်စားနေတဲ့ကာလမို့လို့သာ အောင့်သက်သက်နဲ့ ကိုယ့်ရှူးကိုယ်ပတ်ပြီး အာဏာလွှဲပြောင်းပေးရတာပါ။ ပြီးတော့ အမြင်နဲ့အပေါ်ယံမှာသာ “အာဏာလွှဲပြောင်းပေးတယ်” ဆိုပေမယ့် စစ်အုပ်စုက ကွက်ပြည့်နင်း စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေ အရအရော – တကယ့်လက်တွေ့အရမှာရော “အာဏာ”ဟာ စစ်အုပ်စုလက်ထဲမှာပဲ ရှိမြဲရှိနေတာပဲ မဟုတ်ပါလား။ ဘယ်လိုပဲ ကွက်ပြည့်နင်းပြီး စိတ်ကြိုက်ရေးဆွဲထားပါစေ ပျော့ကွက်ဟာကွက်ဆိုတာ ရှိစမြဲမို့ ရှာတတ်ရင်တွေ့စမြဲပဲ မဟုတ်ပါလား။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟာကွက်ပျော့ကွက်ကို ရှာဖွေဖော်ထုတ်ဖွင့်ချပြတဲ့ (၂၀၀၈ အခြေခံ ဥပဒေဟာ ဘယ်လိုမှ ပြင်ဆင်လို့ မရဘူး – ဖျက်သိမ်းပစ်ရမယ်လို့ပြောခဲ့တဲ့) ရှေ့နေကြီး ဦးကိုနီကိုတော့ စစ်အုပ်စုက လက်ရဲဇက်ရဲ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ပစ်ခဲ့တယ် မဟုတ်ပါလား။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ထပ်မံပြီး ပြည်လုံးကျွတ်နီးပါး ထပ်မံ အနိုင်ရရှိလာတဲ့အခါမှာတော့ စစ်အုပ်စုဟာ ၂၀၁၅ ခုနှစ်ကလို လက်ပိုက်ကြည့် မနေနိုင်တော့ဘဲ မိုက်မိုက်ကန်းကန်း အာဏာသိမ်းလိုက်ပါတော့တယ်။ စစ်အုပ်စုမှာ အခြားနည်းလမ်းလည်း မရှိတော့ဘူး မဟုတ်လား။ ဒီတော့ “မဲမသမာမှု” လို့ အလွယ် တကူ လုပ်ကြံ အကြောင်းပြလိုက်ကြတယ်။ ပြည်သူ့ဆန္ဒကို စစ်ဖိနပ်နဲ့ နင်းခြေဖျက်ဆီးပစ်လိုက်တယ်။ ဒီလုပ်ရပ်ရဲ့တိုက်ရိုက် လက်တွေ့အကျိုးဆက်က တိုင်းပြည်သမိုင်းမှာ အကြီးမားဆုံး လူထုအုံကြွမှုကြီးတစ်ရပ်ကို ပေါ်ပေါက်လာစေပြီး အဲဒီလူထုအုံကြွမှုကြီးဟာ အခုအခါမှာ ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ကြတဲ့ လက်နက်တော်လှန်ရေး သို့ တက်လှမ်းကူးပြောင်းသွားပြီ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုက (၁-၂-၂၀၂၁) ရက်နေ့မှာ အာဏာသိမ်းလိုက်တယ်။ ဒီလို အာဏာသိမ်းလိုက်တာဟာ ၂၀၀၈ အခြေခံ ဥပဒေနဲ့အညီ အာဏာသိမ်းတာလို့ လိမ်ညာခဲ့တယ်။ ပြည်တွင်းပြည်ပကို ဒီလို ဗြောင်လိမ်ညာမှုက (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုဟာ အာဏာလိုချင်လို့ သိမ်းပိုက် တာသာဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဒီလုပ်ရပ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဘယ်လိုမှ မကိုက်ညီတဲ့အပြင် သူတို့ရေးထားတဲ့ သူတို့ဥပဒေကို ထင်သလို ချိုးဖောက်ဖျက်ဆီးပစ်ခဲ့ တာပဲဖြစ်တယ်ဆိုတာကို ပိုမိုထင်ရှားစေခဲ့ပါတယ်။ တစ်နည်းအားဖြင့် ငါတို့ရေးထားတဲ့ “ဥပဒေ” ဆိုတာ ဘယ်ဥပဒေ – ဘယ်ပုဒ်မပဲဖြစ်ဖြစ် ငါတို့ လိုရင် လိုသလို ချုံ့နိုင်တယ် – ချဲ့နိုင်တယ် – ကြိုက်တဲ့အဓိပ္ပယ်ကောက်ယူနိုင်တယ် ဆိုတဲ့ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သကန်ကို ပိုပြီး သိသာမြင်သာစေခဲ့တယ်။

အာဏာသိမ်းတဲ့နေ့ကနေ ဒီနေ့အထိ လူမဆန်တဲ့ မတရားမှုတွေ၊အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ လုယက်မှုတွေကို တိုင်းပြည်နဲ့ အဝန်း နေ့ည ဆက်တိုက် မရပ်မနား ကျူးလွန်နေတဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုက “လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေး၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဆိုတဲ့ စကားကို ဘယ်သူ/ ဘယ်ပါတီက ယုံကြည်ပါသလဲ။

အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ “စကား” ကို ဘယ်ရှုထောင့်ကနေ သင်တို့ လက်ခံ ယုံကြည်ကြမည်လဲ။ ယခုလည်း မကြာခင် ကြေညာလာမည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ဆိုတာထဲမှာ ဘယ်လို ဖိနှိပ်ကွပ်ညှပ်မှုတွေ ပါလာအုံးမလဲ။ ဒေဝဒတ်အကြံနဲ့ထွင်ထားတဲ့ PR စနစ် (Close List PR) ဆိုတာကလည်း စစ်အုပ်စုရဲ့တစ် လက်ကိုင် ပါတီတွေ၊ စပွန်ဆာပါတီတွေကို ကျားကန်ပေးထားဖို့ပဲ မဟုတ်ပါလား။

ဒါ့အပြင် လူထုအုံကြွမှုကြီးထဲမှာ ပစ်ခတ်သတ်ဖြတ်ခံရသူတွေ၊ စစ်ကြောရေးမှာ အကျဉ်းထောင်ထဲမှာ ညှင်းဆဲ သတ်ဖြတ်ခံရတဲ့သူတွေ၊ ရွာလုံးကျွတ်မီးရှို့ခံရသူ တွေ၊ အိမ်ခြံမြေသိမ်းယူခံရသူတွေ၊ ခုခံတော်လှန်စစ်မှာ ကျဆုံးသွားရသူတွေ၊ စစ်ဘေးရှောင်နေရတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူ တွေ ဒီပြည်သူတွေရဲ့ သောကမျက်ရည်တွေ၊ နာကျည်းခံပြင်းမှုတွေကို ကျောခိုင်းပြီး လျစ်လျူရှုပြီး အကြမ်းဖက်(စကစ)စစ်အုပ်စုက ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေရွေး ကောက်ပွဲဆိုတာမှာ ပါဝင်ယှဉ်ပြိုင်ဝံ့ကြပါသလား။ နာကျည်းမှုခံပြင်းမှု၊ ကြေကွဲမှုတွေနဲ့ မာကျောနေတဲ့ နှလုံးသားနဲ့ အသဲကြားကနေ ဘယ်လိုမဲတစ်ပြားကို ဘယ်လိုစိတ် ထား၊ ဘယ်လိုခြေလှမ်းမျိုးနဲ့ သွားပေးကြမှာလဲ။
ဓမ္မနဲ့အဓမ္မအကြားမှာ နောက်တစ်ကြိမ် ထပ်မံပြီး စည်းသားကြရပါလိမ့်အုံးမယ်။

ကျနော်တို့ တကယ်တမ်းလိုလားတဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်အာဏာရှင်စနစ်ကို ထပ်မံပြီး ပြတ်ပြတ်သားသား ရန်/ငါးစည်းသားကြရပါလိမ့်အုံးမယ်။

အကြောင်းပြချက် အမျိုးမျိုးနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်သွားတဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ “နိုင်ငံရေးပါတီ တွေ” အနေနဲ့(၁-၂-၂၀၂၁) ရက်နေ့ကနေ ဒီနေ့ အထိ မျက်ရည်တွေ၊ ချွေးတွေ၊သွေးတွေ၊ အသက်တွေ ဖြိုင်ဖြိုင်ကျဆင်း ကျဆုံးနေရတဲ့ လူမျိုးပေါင်းစုံပြည်သူများကို ထောက်ထားစာနာကြောင်း၊ အတူတကွ ရပ်တည် ကြောင်း ပြသကြဖို့အချိန် ရောက်ရှိလာပါပြီ။

ကျနော်အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ သိန်းညွန့်ပါတီ၊ ခင်မောင်ဆွေပါတီတို့လို စစ်အုပ်စုရဲ့ တစ်လက် ကိုင်ပါတီ၊ ရုပ်သေးပါတီ၊ စပွန်ဆာပါတီတွေနဲ့ လူမျိုးအမည်ခံပါတီတွေ လုံးဝ မပါ ပါဘူး။ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတဲ့၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို အစဉ်တစိုက်ရှေ့ရှုတဲ့ “ဒီမိုကရေစီပါတီ/တိုင်းရင်းသားလူမျိုးပါတီတွေ” ကိုပဲ တည့်တည့်မတ်မတ် ဦးတည်ပန်ကြားနေတာပါ။

အခြေယိုင်နဲ့နေပြီဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးတဲ့ ဒီရွေးကောက်ပွဲမှာ မိမိနဲ့ မိမိပါတီက ပါဝင်ပြီး အသုံးတော်မခံကြပါနဲ့လို့ လေးလေးနက်နက် မေတ္တာရပ်ခံပါတယ်။

“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုက ကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲ” အား အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများအတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်တိုက်ဖျက်ရေးမှာ ပါဝင်ရှေ့ဆောင်ကြပါလို့ အလေးအနက် တိုက်တွန်းပန်ကြားလိုက်ပါတယ်။

ဒီကာလမှာ စစ်မျက်နှာအသီးသီးကနေ ပေါ်ထွက်လာတဲ့ သေနတ်သံ၊ မိုင်းသံ၊ ဗုံးသံတွေဟာလည်း “စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စု က ကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲ” အား ဆန့်ကျင်တိုက်ဖျက်ရေး ဦးတည်ချက်အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။