Home သတင်း နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအား ပဒိုရွှေမောင်း မေတ္တာရပ်ခံ

နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအား ပဒိုရွှေမောင်း မေတ္တာရပ်ခံ

1040

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုကြရန် KNU -ကရင်အမျိုးသားအစည်း အရုံးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့ကို လိပ်မူ၍ ယခင် KNU ဒူးပလာယာခရိုင် ဥက္ကဌ ဟောင်းဖြစ်သူ ပဒိုစောရွှေမောင်းက ဇန်နဝါရီလ ၂ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာပေးပို့သည့် စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

KNU နှင့် NUG ကိုသာ ခေါင်းစဉ်တပ် လိပ်မူထားသည့် အဆိုပါ မေတ္တာရပ်ခံစာတွင် ၎င်းတို့အနေဖြင့် နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့်ထပ်မံဖြေရှင်းနေသည်ကို ဝမ်းနည်းစွာတွေ့မြင်ရကြောင်း နှင့် ထိုသို့ ရှေ့ဆက် လုပ်ဆောင်ပါက အမိနိုင်ငံသည် စစ်တလင်းဖြစ်ပြီး ပြာပုံဘဝသို့ ဆိုက်ရောက်သွားမည်ဖြစ်ကြောင်း အချက် (၉)ချက်ပါ မေတ္တာရပ်ခံစာတွင် ပြောဆိုထားသည်။

ထိုမေတ္တာရပ်ခံစာနှင့်ပတ်သက်ပြီး ပဒိုစောရွှေမောင်းက “စစ်တပ်ဘက်ကိုလည်း ကျနော်သီးသန့် စာပို့ထားတာရှိတယ်။ သီးသန့်လည်း ပြောဆိုတာမျိုးရှိတယ်။ ဒါတွေက မဟုတ်တော့ဘူး ဆိုတာ ကိုလည်း သီးသန့်စာထုတ်ထားပြီးပြီ။ အဲ့တော့ NUG နဲ့ KNU ဘက်ကိုလည်း သီးသန့်စာပို့ပေးတာ။ ကျနော် ၃ ဖွဲ့စလုံးကို ပို့ပေးတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် နှစ်ဖက် မီးကုန်ယမ်းကုန် တိုက်ခိုက်ပြီး အနိုင်ယူခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း နှင့် ထိုသို့ မီးကုန်ယမ်းကုန်ကာလမရောက်ခင်အထိ ပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲ ကြုံတွေ့ နေရ သည်ကို မမြင်တွေ့လိုတော့သောကြောင့် ယခုလို တောင်းဆိုရခြင်းဖြစ်ကြောင်းလည်း ပဒို စောရွှေမောင်းက ဆက်ပြောသည်။

သို့သော် စစ်ကောင်စီဘက်သို့ မေတ္တာရပ်ခံစာ ပေးပို့ပြောဆိုမှုကို ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်မှလည်း ၎င်းမေတ္တာရပ်ခံချက်များနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းများ ပြုလုပ်ခြင်းမတွေ့ရပေ။

ဆက်လက်ပြီး ၎င်း၏ မေတ္တာရပ်ခံစာတွင် ကရင်ပြည်သူများအနေဖြင့် စစ်ဒဏ်ကို နှစ်ရှည်လများ ခံစားလာရသူများဖြစ်ပြီး စစ်ကြောင့် ဆင်းရဲနှိမ့်ကျသောဘဝသို့ ရောက်ရှိနေကြပြီးဖြစ်ကြောင်း၊ ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကို သင်ခန်းစာယူသင့်ပြီး နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းထက် တွေ့ဆုံညှိနှိုင်းရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်းလည်း ဖော်ပြပြောဆိုထားသည်။

ပဒိုစောရွှေမောင်းသည် ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌရာထူးမှ ယခင်နှစ် ဇန်နဝါရီလတွင် နုတ်ထွက်ထားသူဖြစ်ပြီး လက်ရှိတွင် ၎င်း၏ ဇာတိမြေ ဝင်းရော်ဒေသတွင် ပြန်လည်အခြေချနေထိုင်လျက်ရှိသည်။

လတ်တလောတွင် ၎င်းနေထိုင်နေရာ ဝင်းရော်ဒေသတွင် စစ်ကောင်စီတပ် နှင့် နယ်မြေခံ KNU ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုကိုပါ အသုံးပြုနေခြင်းကြောင့် ထောင်ချီသည့် ဒေသခံများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရချိန် ယခုလိုမေတ္တာရပ်ခံစာထွက်ပေါ်လာခြင်းဖြစ်သည်။

ကရင်တစ်မျိုးသားလုံးအနေဖြင့် ငြိမ်းချမ်းစွာနေလိုကြကြောင်း၊ ပဋိပက္ခကို မလိုလားကြောင်း၊ စည်းလုံး ညီညွတ်စွာ နေလိုကြောင်း၊ ပြည်တွင်းစစ်ကိုမလိုလားဘဲ ဆန့်ကျင်သည်ဖြစ်၍ မိမိအမျိုးသားထု၏ ဆန္ဒလိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ကြရန်လည်း ပဒိုစောရွှေမောင်း မေတ္တာရပ်ခံစာတွင် တောင်းဆိုထားသည်။

ထိုမေတ္တာရပ်ခံချက်အပေါ် အမည်မဖော်လိုသူ ကေအဲန်ယူခေါင်းဆောင်တစ်ဦးက “အခုကတော့ တစ်ဖက်သတ်ဖြစ်နေတာပေါ့ဗျာ။ သို့ ဆိုတဲ့နေရာမှာ စစ်ကောင်စီကိုပါ ထည့်ထားရင် တစ်မျိုးဖြစ်မှာပေါ့။ အခုက KNU နဲ့ NUG ကိုပဲ သောင်းကျန်းသူလိုဖြစ်နေတာ။ တကယ်တမ်းက ခေါင်ကမစရင် စစ်က ဖြစ်စရာ အကြောင်းမရှိဘူး။ စစ်ကောင်စီကိုယ်တိုင်က ငြိမ်းချမ်းလိုစိတ်ရှိရင် သူကိုယ်တိုင် သူ့တပ်ကို ရုပ်သိမ်းတာသော်လည်းကောင်း၊ ငြိမ်ငြိမ်နေတာသော်လည်းကောင်း ကောင်းတာပေါ့။ စစ်ကောင်စီကိုပါ ထည့်ရေးထားရင်တော့ ဘက်မျှတာပေါ့ဗျား။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးမှုများတွင်လည်း နိုင်ငံရေးသမာသမကျမှုအရ တန်းတူရည်တူဖြစ်ရေးဆိုသည့် တောင်းဆိုမှုများကို လက်ခံသင့်ပြီး ၎င်းတို့ ဆွေးနွေးရေး ပြုလုပ်မှုများသည်လည်း စစ်ရေး ပြင်ဆင်မှု အချိန်ရရှိစေရန် အချိန်ဆွဲလုပ်ဆောင်မှုမျိုးသာဖြစ်ကြောင်း၊ စစ်ရေး ပြင်ဆင်မှုပြီးလျှင် မည်သည့်နိုင်ငံရေး အခွင့်အရေးကို မျှမပေးဘဲ ပြန်လည်တိုက်ခိုက်ခြင်းမျိုးသာ လုပ်ဆောင်လေ့ရှိကြောင်းလည်း ၎င်းKNU ခေါင်းဆောင်က ဆက်ပြောသည်။

စစ်ကောင်စီနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ပဒိုစောရွှေမောင်း အနေဖြင့် ယခင် ဒူးပလာယာခရိုင် ဥက္ကဋ္ဌရာထူး တာဝန်ယူနေစဉ်ကာတွင်လည်း (NUG) အစိုးရက ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အရေးပေါ် ကြေငြာချက်နှင့်ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင်လည်း ကေအဲန်ယူ ဥက္ကဋ္ဌ၏ အပစ်ရပ်လမ်း စဉ်အတိုင်း ဆက်သွားရန် သဘောထားပါရှိသည့် ထုတ်ပြန်ချက်အတိုင်း ပဒိုစောရွှေမောင်းအနေဖြင့် အချက် (၉)ချက်ပါ သဘောထားတစ်ခု ထုတ်ပြန်ခဲ့ဖူးသလို ထိုနှစ် အောက်တိုဘာလ ၄ရက်နေ့တွင်လည်း NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပေါ် သတိပေးသည့်သဘောထားပါသော အသိပေးစာ ပေးပို့ခဲ့ဖူးသည်။