Home သတင်း ကုန်တင်တွဲကားကြီးများ သွားလာမရသောကြောင့် ကုန်ပစ္စည်းပို့ဆောင်ရာ၌ ကြန့်ကြာမှုများရှိလာ

ကုန်တင်တွဲကားကြီးများ သွားလာမရသောကြောင့် ကုန်ပစ္စည်းပို့ဆောင်ရာ၌ ကြန့်ကြာမှုများရှိလာ

697
Photo: CJ

ဇန်နဝါရီလ ၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ−ကော့ကရိတ် အာရှလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားရသောကြောင့် လမ်းကြောင်းပြောင်းလဲ အသုံးပြုရသည့် မြဝတီ−ထို့ကော်ကိုး ကျုံဒိုးလမ်းပိုင်းမှ ကုန်ကားကြီးများ သွားလာ၍မရသည့်အတွက် ကုန်ပစ္စည်းပို့ဆောင်ရာ၌ ကြန့်ကြာမှုများရှိနေကြောင်း ကုန်ပစ္စည်းပို့ ဆောင်သူတစ်ဦးက ပြောသည်။

မြဝတီ−ကော့ကရိတ် အာရှလမ်းအနီးတစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေဆဲရှိနေ သောကြောင့် လက်ရှိတွင် မြဝတီ-ထို့ကော်ကိုး လမ်းပိုင်းကို ပြောင်းလဲအသုံးပြုနေရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းလမ်းပိုင်းပေါ်တွင် အသား၊ ငါးစသည့် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တင်ဆောင်ခွင့် ပေးထား ကာ ခရီးသယ်တင်ယာဉ်များ၊ (၆)ဘိန်းကားများသာ သွားလာခွင့်ရသောကြောင့် ကုန်ပစ္စည်းပို့ ဆောင်ရာတွင် လမ်းခရီးကြန့်ကြာမှုများရှိနေကြောင်း ကုန်ပစ္စည်းပို့ဆောင်သူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ကုန်းကားတွေကတော့ ၆ ဘီးကားပဲသွားလို့ရတယ်။ အတွဲကားတို့ Express ကား တော့မရဘူးလေ။ ၆ ဘီးကားနဲ့ အသားစိမ်း ငါးစိမ်းတွေလောက်ပဲ တင်တယ်။ ကျန်တဲ့ကုန်ပစ္စည်းတွေ အိမ်သုံးပစ္စည်းတွေ တင်လို့မလွယ်ဘူး။ တစ်ရက်နဲ့ရောက်တဲ့ခရီးက အခုတောလမ်းလည်း ပတ်ရတော့ (၃)ရက်လောက် ကြာတယ်။ ထိုင်းဘက်ကလည်း ပစ္စည်းမဝင်တော့ဘူး။ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပစ္စည်းအဝင်နည်းလာသလို လမ်းခရီးကြမ်းတမ်းမှုများကြောင့် ပစ္စည်းထိခိုက် ပျက်စီးပြီး ဆုံးရှုံးမှုများရှိနေကြောင်းလည်း ၎င်းကုန်သည်က ဆက်ပြောသည်။

Photo: CJ

လက်ရှိ တိုက်ပွဲများကြောင့် သင်္ဃန်းညီနောင်ဂိတ်တွင် စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များ ပူးပေါင်းပြီး အတက်အဆင်းကားများကို စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ယာဉ်မောင်းများက ပြောဆိုသည်။

အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက “မနေ့တစ်နေ့က ဖားအံပြန်ဆင်းတာ ကျနော်တို့ အရှေ့မှာ ကောင်လေးတစ်ယောက် လက်နက်မိသွားတယ်။ သူမိတော့ နောက်ကလူအကုန်လုံးမတရားစစ်တာ။ ရဲရော၊ BGF တွေရော အဖွဲ့စုံစစ်တယ်။ လူတိုင်းကိုတော့ မစစ်ဘူး။ မသင်္ကာတဲ့သူတွေကို ကားပေါ်က ဆင်းခိုင်းပြီး စစ်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

ကုန်ပစ္စည်းများအဝင်နည်းလာသည့်အပြင် ဖားအံမြို့ရှိ ကုန်စုံဆိုင်များတွင်လည်း စစ်ကောင်စီ တပ်များက ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ယိုးဒယားပစ္စည်းများကို အခွန်ကောက်ခံနေပြီး လမ်းခရီး အခက်အခဲမှုများကြောင့် ကုန်ပစ္စည်းများ စျေးတက်လာမှုများလည်းရှိနေကြောင်း မြို့ခံများက ပြောသည်။

ထို့အတူ ကိုးတိုင်-တောင်ကြာအင်း- ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပိုင်း၊ မြ၀တီ -ဝေါလေ လမ်းပိုင်း၊ ကော့ကရိတ် -မြ၀တီလမ်းပိုင်း၊ ဝါးဘိုးတော -ကမမောင်း-ကတိုင်တိ-ဖာပွန်လမ်းပိုင်း၊ တောင်ငူ-သံတောင်-လိပ်သို-ယာဒိုလမ်းပိုင်းများဘက်တွင်လည်း သွားလာဆက်သွယ်ရေး ပြတ်တောက် ရပ်ဆိုင်း၍ သွားလာမရဖြစ်နေသည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀များ ပိုမိုခက် ခဲကြုံတွေ့ နေကြရကြောင်း ဒေသခံများက ပြောသည်။